ရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံကူးလက်မှတ် စိတ်ဝင်စားသူနည်း

ရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံကူးလက်မှတ် စိတ်ဝင်စားသူနည်း
by -
ကျော်ခ
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများအတွက် ယာယီနိုင်ငံကူး လက်မှတ်များ မြန်မာ့နယ်စပ်မြို့အချို့တွင် ပြုလုပ်ပေးနေသော်လည်း လူဦးရေ ရ၀၀ ကျော်သာ လုပ်ဆောင် ...

မဇ္စျိမ (ချင်းမိုင်) ။     ။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများအတွက် ယာယီနိုင်ငံကူး လက်မှတ်များ မြန်မာ့နယ်စပ်မြို့အချို့တွင် ပြုလုပ်ပေးနေသော်လည်း လူဦးရေ ရ၀၀ ကျော်သာ လုပ်ဆောင်ပြီးဖြစ်သည်။

ထုတ်ပေးသည်မှာ တလခွဲကျော်သွားပြီ ဖြစ်သော်လည်း ခရီးမတွင်နိုင်ဘဲ တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် ၄၀၀ ခန့်နှင့် မြဝတီမြို့တွင် ၃၀၀ ကျော်ကသာ ပတ်စ်ပို့ လာရောက် ထုတ်ယူကြသည်။

“ပတ်စ်ပို့စာအုပ် ထုတ်တာတော့ မြဝတီဘက်မှာ ထုတ်ပေးတယ်။ ကျနော်တို့ ဒီဘက်ကမ်းမှာ လာပြီးတော့ ဗီဇာ ထုပေးတာပေါ့။ .. အဓိက လာလုပ်ကြတာတော့ ဘန်ကောက်၊ ဆူကိုထိုင်း နေရာတွေက များတယ်။ တခြားမြို့တွေကလည်း လာတယ်” ဟု မဲဆောက် ယာယီနိုင်ငံကူးစာအုပ် ရုံးတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

အလုပ်သမားများမှာ ယာယီနိုင်ငံကူးစာအုပ် ပြုလုပ်လိုကြသော်လည်း မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သော မိသားစုများထံမှ မြန်မာအာဏာပိုင်များ၏ ခြစားခြင်းနှင့် အခွန်ကောက်ခံမည်ကို စိုးရိမ်မှုများကြောင့် အနည်းစုကသာ စိတ်ဝင်စားသည်ဟု လုပ်သားများအရေး ဆောင်ရွက်နေသည့် JACBA အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

“မြန်မာပြည်ဘက်က အာဏာပိုင်တွေကနေပြီးတော့ သူတို့အပေါ်မှာ ဘယ်လောက်ထိ လုံခြံုစိတ်ချမှု ပေးမှာလဲပေါ့။ အိမ်ကိုသွားပြီး စစ်မယ်။ နောက်တခုက လစဉ်မှာ သူတို့က အခွန်မကောက်ဘူးလို့ ဘာအာမခံချက်ရှိမလဲ။ အဲဒီတော့ မလုံခြံုဘူးလို့ ခံစားရတယ်။ စိတ်မချရဘူးလို့ ခံစားရတယ်” ဟု သူက ပြောသည်။

ကော့သောင်းမြို့မှ ယာယီနိုင်ငံကူးစာအုပ် ထုတ်ပေးရေးရုံးမှ အရာရှိတဦးကမူ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်း၊ ထိုင်းနိုင်ငံမှ ထုတ်ပေးသည့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်၊ ထိုင်းအလုပ်ရှင်၏ ထောက်ခံချက်တို့ ပြည့်စုံသူများကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောသည်။

“စာရင်းတော့ မပေါင်းရသေးဘူး။ ၄၀၀ ဝန်းကျင်လောက် ရှိသွားပြီ။  ရနောင်းလေဘာရုံးကနေတဆင့် လာကြတာလေ။ သူတို့ရေးထားတာက ထိုင်းလိုတွေချည်းဆိုတော့ ဘယ်မြို့ဘယ်နေရာတွေလဲ ဆိုတာတော့ မသိဘူး။ ကျနော်တို့ကတော့ သတ်မှတ်ထားတဲ့ ပုံစံပြည့်စုံရင် ထုတ်ပေးပါ့မယ်။ အခုလုပ်ပေးနေတာကတော့ ၃ နှစ်သက်တမ်းပေါ့ဗျာ။ ပြည့်သွားရင်လည်း ထပ်တိုးပေးမှာပါ” ဟု သူက မဇ္စျိမကို ပြောသည်။

Most read this week