မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့မှာ ယခင်နှစ်က မိုးတွင်းကာလမှာ လျပ်စစ်မီးပုံမှန်ရရှိခဲ့သော်လည်း ယခုနှစ်အတွင်း ဇူလိုင်လတတိယအပတ်မှစပြီး၊ မီးပုံမှန်ရရှိခဲ့ရာမှ သြဂုတ်လ မကုန်ခင်မှာ မြို့တွင်း၌ မီးစတင်အဖြတ်ခံနေရပြီးဖြစ်သည်။
ယခုလိုလျပ်စစ်မီး အချိန်ပြည့်ရရှိသည့် မိုးတွင်းကာလမှာတောင် မီးပျက်နေတာနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ခံတို့၏ ပြောပြချက်အရ လောပိတမှ ရေအားလျပ်စစ်မီးတွေကို နေပြည်တော်ဆီသို့ အပြည့်ပေးထားပြီး ရန်ကုန်အတွက်လျပ်စစ်မီးကိုတော့ တာဘိုင်စက်ကြီးတွေနဲ့ လည်ပတ်နေရတော့ အလှည့်ကျပေးနေရတဲ့အတွက် အချိန်ပြည့်မပေးနိုင်ဘူး၊ ဘာဖြစ်လိ့ုလဲဆိုတော့ မိုးလယ်လောက်မှာ မီးစမှန်တာ မိုးတောင်မကုန်သေးဘူး မီးက စပျက်နေပြီးဟု ဆိုပါသည်။
ယခုလို လျပ်စစ်မီးပုံမှန်မရရှိခြင်းကြောင့် အင်တာနက်ဆိုင်များကလည်း အမြတ်မကျန်ပဲ အရင်းသာကျန်ကြောင်း ရန်ကုန်မြို့မှ အင်တာနက်ဆိုင် ဖွင့်ထားသူတို့၏ ပြောပြချက်အရ သိရသည်။
“ဇူလိုင်လကစပြီး မီးကပုံမှန်မလာတော့ဘူး၊ ဆီစျေးသိပ်မကြီးတဲ့အချိန်မှာ မီးစက်မောင်းပြီး ဆိုင်ဖွင့်ရတာ လုပ်ငန်းမထိခိုက်ပေမယ့်၊ သိပ်ပြီးတော့ အမြတ်မကျန်ဘူး၊ လုပ်ငန်းလည်ပတ်နေရုံသဘောပဲရှိတယ်” ဟု ရန်ကုန်မြို့ရှိ လပြည့်ဝန်းပလာဇာမှ Spider net အင်တာနက်ဆိုင်မှ ဝန်းထမ်းတစ်ဦးက ပြောသည်။
ယခုလို မီးစတင်အဖြတ်ခံရသည့်နေရာတွေထဲမှာ အများပြည်သူသွားလာနေကြသည့် လှည်းတန်း၊ မြေနီကုန်း၊ တာမွေ၊ ရန်ကုန်မြို့တွင်းနှင့် အောင်မင်္ဂလာအဝေးပြေးဂိတ်တို့မှာလည်း မီးစတင်ပျက်နေကြောင်းလည်း သိရပါသည်။
ရန်ကုန်မြို့နေ ပြည်သူအားလုံးနီးပါးက လျပ်စစ်မီးကို အားကိုးအားထားပြုနေရပါသည်။ မီးမလာလို့ ရေမတင်နိုင်တာကြောင့် လအများတို့၏ နေစဉ် သန့်ရှင်းနေစေမှုကို ထိခိုက်စေပါသည်။ နေပြည်တော်သို့ အစိုးရရုံးစိုက်ရာမြို့တော်အဖြစ် ပြောင်းရွေ့လိုက်သည့်အချိန်မှစပြီး၊ ရန်ကုန်မှာလျပ်စစ်မီး ဆိုးဆိုးဝါးဝါး စတင်ဖြတ်တောက်ခံနေရပြီး၊ လူသူမရှိသည့် နေပြည်တော်မှာ သာယာလှပပြီး၊ လူသွား လူလာများများစားစား မရှိသည့် လမ်းမကြီး၊ ဥယျာဉ်ကြီးလိုနေရာမှာ လျပ်စစ်မီး ထိန်းငြီးနေအောင် ထွန်းထားသည်။
“နေပြည်တော်မှတော့ ၂၄ နာရီ မီးကလာနေတယ်၊ ညဘက်ဆိုရင်လည်း မီးကထိန်းလင်းနေတာပဲ၊ နယ်တွေဘက်မှာနဲ့ အရမ်းကွားခြားနေတယ်” ဟု နေပြည်တော်သို့ သွားရောက်ခဲ့သူ အစိုးရဝန်းထမ်းတစ်ဦးက ပြောသည်။