ချင်းမိုင် (မဇျိွမ)။ ။ မြန်မာနိုင်ငံမှ HIV/AIDS ဝေဒနာရှင်များအတွက် ရန်ပုံငွေရှာသော လိင်တူချစ်သူများ၏ အလှမယ်ပြိုင်ပွဲကို ရန်ကုန်မြို့တွင် သြဂုတ်လ ၂၉ ရက်နေ့က ကျင်းပခဲ့သည်။
The Miss Red Ribbon Beauty Contest 2009 ဟု အမည်ပေးသော မယ်ပြိုင်ပွဲကို ဆီဒိုးနားဟိုတယ်တွင် ညနေ ၅ နာရီမှ စတင်ကျင်းပခဲ့ပြီး လိင်တူချစ်သူပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကာ ၃၅ ဦး ပြိုင်ပွဲဝင်ခဲ့သည်။
ပြိုင်ပွဲလက်မှတ်ရောင်းရငွေများနှင့် တသီးပုဂ္ဂလ အလှူရှင်တဦး၏ ငွေကျပ် ၂၅ သိန်းအပါအဝင် စုစုပေါင်း ငွေကျပ် သိန်း ၁၀၀ ကို ကူးစက်ရောဂါကုဆေးရုံ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံအုပ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပွဲဖြစ်မြောက်ရေး ကူညီခဲ့သူတဦးက မဇ္ဈိမကို ပြောသည်။
ပွဲကြည့်လက်မှတ် ရိုးရိုးတန်းအတွက် တစောင် ၂ သောင်း၊ အထူးတန်း တစောင် ၃ သောင်းဟု အကြမ်းမျဉ်း သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် လက်မှတ်စျေးနှုန်းများမှာ ၅ သောင်းမှ တသိန်းအကြားထိ မြင့်တက်သွားခဲ့သည်။
Miss Red Ribbon ပထမကို မိတ်ကပ်ဒီဇင်ဘာနှင်းမှ အငယ်လေး၊ ဒုတိယဆုနှင့် တတိယဆုများကို ဂျိုးကြာနှင့် Loreal အောင်အောင်တို့က အသီးသီးရရှိသွားသည်။ ဆုကြေးများမှာ ၅ သိန်း၊ ၃ သိန်းနှင့် ၂ သိန်းတို့ဖြစ်ပြီး Revlon ကုမ္ပဏီက ငွေကျပ် တသိန်းတန် အလှကုန်ပစ္စည်းများ ထပ်ဆောင်းပေးအပ်သွားသည်။
ထို့အပြင် ပြံုးအလှပိုင်ရှင်ဆုအား “သက်” က ရရှိသွားပြီး၊ ဆုအဖြစ် Revlon အလှကုန်ပစ္စည်း တသိန်းဖိုး ရရှိသည်။
တတိယဆုရရှိသော L'Oreal အောင်အောင်က “အောင်အောင့်အတွက် ပထမဦးဆုံး အတွေ့အကြံုကြီးမှာ ဆုရတဲ့အတွက် ဂေး (Gay) အနေနဲ့ အရမ်းဝမ်းသာပါတယ်။ မြန်မာနိုင်ငံမှာက တခြားနိုင်ငံတွေလို ဂေးတွေနဲ့ ပတ်သက်ပြီးတော့ မဖွံ့ဖြိုးဘူးလေ။ ဒီလို ဟိုတယ်အကြီးကြီးမှာ အသိအမှတ်ပြု လုပ်ပေးတဲ့အတွက် ဂေးတွေ အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။
နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသော လူမင်း၊ ထက်ထက်မိုးဦး၊ လင်းဇာနည်ဇော်၊ ခင်ဇာခြည်ကျော်၊ နာမည်ကြီး အဆိုတော်များဖြစ်သည့် ဖြူဖြူကျော်သိန်း၊ ဟေမာနေဝင်း၊ ကော်နီ၊ လေးလေးဝါးတို့ ယင်းပွဲသို့ တက်ရောက်ခဲ့ကြသည်။
အိန္ဒြာကျော်ဇင်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ ရဲအောင်၊ ခန့်စည်သူ၊ ရွှေအမြုတေမှ ဦးဝင်းငြိမ်းတို့က ဒိုင်အဖြစ် ကူညီပေးခဲ့ကြကြောင်း သိရသည်။