ကိုးကန့်စစ်ပြေးများ တရုတ်နိုင်ငံသို့ ထွက်ပြေးခိုလှုံ

ကိုးကန့်စစ်ပြေးများ တရုတ်နိုင်ငံသို့ ထွက်ပြေးခိုလှုံ
by -
မျိုးကြီး
စစ်ပွဲမှကင်းလွတ်ရန် ကိုးကန့်ဒေသမှ လူဦးရေ ထောင်ပေါင်းများစွာသည် အိမ်နီးချင်း တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံလာခဲ့သည်ဟု ဒေသတွင်းမှလာသော သတင်းများအရ သိရ ...

ရွှေလီ (မဇ္စျိမ) ။    ။ စစ်ပွဲမှကင်းလွတ်ရန် ကိုးကန့်ဒေသမှ လူဦးရေ ထောင်ပေါင်းများစွာသည် အိမ်နီးချင်း တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံလာခဲ့သည်ဟု ဒေသတွင်းမှလာသော သတင်းများအရ သိရသည်။

ဖုန်ကြားရှင် ခေါင်းဆောင်သော MNDAA ကိုးကန့်တပ်နှင့် စစ်အစိုးရတပ်တို့ စတင်တင်းမာနေခဲ့ချိန် သြဂုတ်လဆန်းပိုင်းက စတင်ခဲ့သော တိမ်းရှောင်မှုသည် ယမန်နေ့က ဖြစ်ပွားသော နှစ်ဖက်တိုက်ခိုက်မှုကြောင့် တိုးပွားလာခဲ့သည်။

“လောက်ကိုင်မြို့ (ကိုးကန့်အဖွဲ့ ဌာနချုပ်တည်ရှိရာ မြို့တော်) က လူတွေ များတယ်။ ကုန်သည်တွေ၊ စျေးရောင်းတဲ့သူတွေ အကုန်ရောက်နေကြတယ်။ ဒီနေ့မနက်အထိလည်း လာနေတုန်းပဲ” ဟု ယနေ့နံနက်ပိုင်းတွင် တရုတ်ဘက်ခြမ်း နမ့်စန်မြို့သို့ ခိုလှုံလာသူတဦး မဇ္စျိမကို ပြောသည်။

တစုတစည်းထဲ ရောက်ရှိနေထိုင်ခြင်း မဟုတ်သောကြောင့် တိမ်းရှောင်သွားသူ အရေအတွက်ကို ဒေသတွင်းနေ အကဲခတ်များ ပြောဆိုရာတွင် ကွဲပြားမှုများစွာ ရှိနေသော်လည်း ထောင်နှင့်ချီမည်ဟု ယုံကြည်ရသည်။

ယနေ့ နံနက်ပိုင်းကလည်း မြန်မာနိုင်ငံ သံလွင်မြစ်အရှေ့ဘက်၊ တရုတ်နယ်စပ်နှင့် ကပ်လျက်ရှိသော လောက်ကိုင်မြို့တွင် ဖုန်ကြားရှင်သစ္စာခံသူများနှင့် စစ်အစိုးရ တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

“ကိုယ်ထူကိုယ်ထပေါ့။ ကိုယ့်ဟာကိုယ် အခန်းငှားနေတယ်။ စားတာလည်း ကိုယ့်စရိတ်နဲ့ ကိုယ်စားပေါ့။ လောလောဆယ်တော့ ပေးတာတွေတော့ မရှိဘူး။ သူတို့က စစ်တာတွေတော့ နည်းနည်းပါးပါး လုပ်တာပေါ့။ ဒါပေမဲ့လည်း တင်းတင်းကျပ်ကျပ် မရှိပါဘူး။ ဒီကနေ့လည်း ထပ်ရောက်လာကြတယ်။ ဟို အခုဆောက်နေတဲ့ တိုက်တန်းအသစ်တွေဘက်မှာ သွားငှားနေကြတယ်” ဟု စစ်ပြေးဒုက္ခသည်တဦးက ပြောသည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် စစ်အစိုးရစစ်တပ်များက လက်နက်စက်ရုံကို ရှာဖွေရန်ဆိုကာ စီးနင်းခဲ့သည်။

အစောပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လက်နက်ကိုင် ရဲတပ်သား ရ၀ ခန့်က ကိုးကန့်အဖွဲ့ ဥက္ကဋ္ဌ ဖုန်ကြားရှင် နေအိမ်ကို မူးယစ်ဆေးဝါး ရှာဖွေရန် ဝင်ရောက်စီးနင်းခဲ့ချိန်မှစတင်၍ ဆက်ဆံရေးတင်းမာမှု သိသာစွာ မြင့်တက်လာခဲ့သည်။

နေပြည်တော်စစ်အစိုးရက ဘိန်းတိုက်ဖျက်ရေးခေါင်းစဉ်တပ်သော်လည်း ငြိမ်းအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို မြန််မာ့တပ်မတော်အောက်သို့ သွတ်သွင်းထိန်းချုပ်ကာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး သို့မဟုတ် လက်နက်ဖြုတ်ချရေး ကြိုးပမ်းမှုကို လိုက်နာရန် ငြင်းဆန်သူများကို ရမယ်ရှာသည်ဟု ငြိမ်းအဖွဲများနှင့် အတိုက်အခံများဘက်က ပြောသည်။

စစ်ပွဲများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြသည့် ဒေသခံအများအပြားသည် တရုတ်နိုင်ငံဘက်သို့ ခိုလှုံဝင်ရောက်မှုများ ရှိလာခဲ့သလို၊ အချို့မှာ မြန်မာပြည်အတွင်းပိုင်း ဒေသများသို့ ပြောင်းရွှေ့သွားသည်များလည်း ရှိခဲ့သည်။

လောက်ကိုင်တွင် မြန်မာတပ်သားများ၊ ရဲများနှင့် စစ်ဖက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ ဝင်ရောက်နေရာယူနေသလို ဖုန်ကြားရှင်အဖွဲ့နှင့် မတဲ့သော ယခင်MNDAA ဒုဥက္ကဌ ပိုင်စိုချိန်က စစ်အစိုးရ၏ ပူပူနွေးနွေး သစ္စာခံ မဟာမိတ်ဖြစ်လာခဲ့သည်။

MNDAA သည် မြန်မာအစိုးရ အဆက်ဆက်ကို လက်နက်ကိုင်တော်လှန်ခဲ့သော ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်ကာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူခဲ့သော လက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်သည်။

Most read this week