နယူးဒေလီ (မဇ္စျိမ)။ ။ ဆက်လက် လုပ်ဆောင်နေသော စစ်တပ်အဆင့် ပူးပေါင်းဆောင်ရွက်ရေး၏ အစိတ်အပိုင်း တခုအနေနှင့် နယ်စပ်အုပ်ချုပ်ရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးရန် အိန္ဒိယနှင့် မြန်မာစစ်တပ် အရာရှိများ၏ ၆ ရက်ကြာ အစည်းအဝေးကို စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဗုဒ္ဓဟူးနေ့က စတင်ကျင်းပခဲ့သည်။
နှစ်နိုင်ငံ စစ်ဘက်အရာရှိများအကြား ကျင်းပခဲ့သော အိန္ဒိယ-မြန်မာ နှစ်ဦးနှစ်ဖက်နယ်ခြား အစည်းအဝေးသည် ၃၇ ကြိမ်မြောက်ဖြစ်သည်။ မဏိပူရပြည်နယ် မြို့တော်အင်ဖာတွင် အခြေချသည့် အာသံရိုင်ဖယ် စစ်ဌာနချုပ် တပ်မ ၃ မှ စစ်ရေးချုပ် ဗိုလ်ချုပ်အက်စ်အက်စ်ပဝါ ဦးဆောင်သော အဖွဲ့ဝင် ၁၄ ဦး ပါဝင်သော အဖွဲ့သည် ကလေးမြို့သို့ ထွက်ခွာခဲ့ကြသည်။
ထိုအစည်းအဝေးသည် နယ်စပ်တလျှောက် လှုပ်ရှားနေသော အိန္ဒိယဗဟိုအစိုးရကိုပုန်ကန်နေသော လက်နက်ကိုင်သူပုန်အဖွဲ့များ၏ လှုပ်ရှားမှုများကို ထိန်းချုပ်လျှော့ချခြင်း အပါအဝင် နယ်စပ်အုပ်ချုပ်ရေးများကို မြှင့်တင်နိုင်ရန်ဖြစ်သည်ဟု အာသံရိုင်ဖယ်မှ ထုတ်ပြန်သော သတင်းတွင် ဖော်ပြထားသည်။
''အိန္ဒိယ-မြန်မာ နယ်စပ်ညှိနှိုင်းတွေ့ဆုံမှုသည် မှတ်တိုင်တခုဟု ဆိုနိုင်သော ဖြစ်ရပ်ပင်ဖြစ်ကာ ၎င်းတွင် နှစ်ဖက်စစ်တပ်မှ ကိုယ်စားလှယ်များသည် နယ်စပ်အုပ်ချုပ်ရေးကိစ္စများကို အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြမည်'' ဟု ထိုသတင်းထုတ်ပြန်မှုက ဆိုသည်။
''ယခုကိစ္စသည် နှစ်နိုင်ငံအကြား ရင်းနှီးချစ်ကြည်မှုကို နောက်ထပ်ခိုင်မြဲစေခြင်းကို အကူအညီပေးကာ အဖွဲ့ဝင်များကြားတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာအဆင့် အချင်းချင်း ခင်မင်ရင်းနှီးမှု အခွင့်အလမ်းများ ရရှိလာအောင် ပံ့ပိုးပေးမည်'' ဟု ဆက်လက်ဖော်ပြထားသည်။
အစည်းအဝေးကို တနှစ်လျှင် နှစ်ကြိမ် ကျင်းပကြကာ ယခုအစည်းအဝေးကို သြဂုတ်လ ၂၆ ရက်နေ့နှင့် ၃၁ ရက်နေ့ကြားတွင် ကျင်းပမည်။ နယ်စပ်ဖြတ်ကျော် မှုခင်းများ၊ လက်နက်မှောင်ခိုမှုများနှင့် စစ်သွေးကြွသူများကို ကိုင်တွယ်ရေးကိစ္စများတွင် နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက် ဆက်ဆံရေး၏ အစိတ်အပို်င်းတခု ဖြစ်သည်။
အိန္ဒိယနှင့် မြန်မာကြားတွင်် ဝင်ပေါက်ထွက်ပေါက် များစွာရှိသည့် ၁၆၄၃ ကီလိုမီတာ ရှည်သောနယ်စပ် ရှိသည်။ ညီညွတ်သော အမျိုးသား လွတ်မြောက်ရေးတပ်ဦး (UNLF)၊ မဏိပူရီ စစ်သွေးကြွအဖွဲ့တို့ အပါအဝင် အိန္ဒိယသူပုန် အတော်များများသည် မြန်မာပြည် စစ်ကိုင်းတိုင်းအတွင်း အခြေချနေကြသည်ဟု အိန္ဒိယစစ်ဘက်နှင့် နယ်စပ်သတင်းရပ်ကွက်များက ပြောသည်။
နောက်ဆုံးအစည်းအဝေးကို ပြီးခဲ့သည့် မေလအတွင်းက မဏိပူရပြည်နယ် အင်ဖာမြို့ရှိ အာသံရိုင်ဖယ် အမှတ် ၃ ဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးအပြီးတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် တင်မောင်အုန်း ဦးဆောင်သော မြန််မာစစ်တပ်အဖွဲ့သည် အိန္ဒိယ အနောက်ဘင်ဂေါ၊ ကာလက္ကတားသို့ သွားရောက်ကာ အရှေ့ပိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိများနှင့်တွေ့ဆုံခဲ့ကြသည်။