မြို့နယ်ဥက္ကဌမှ ကြက်ဆူပင် ထပ်မံရောင်းစား

မြို့နယ်ဥက္ကဌမှ ကြက်ဆူပင် ထပ်မံရောင်းစား
by -
မင်းအာသံ
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး (မယကဥက္ကဌ) သည် အပင်ပေါင်းများစွာ စိုက်ပျိုးထားသည့် တာပတွန်ကျေးရွာမှာ ကြက်ဆူပင်များကို မြို့နယ်တွင်းရှိ ကျေးရွာကြီးငယ်များထံ လိုက်လံရောင်းစားနေသည်ဟု သိရ ...

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး (မယကဥက္ကဌ) သည် အပင်ပေါင်းများစွာ စိုက်ပျိုးထားသည့် တာပတွန်ကျေးရွာမှာ ကြက်ဆူပင်များကို မြို့နယ်တွင်းရှိ ကျေးရွာကြီးငယ်များထံ လိုက်လံရောင်းစားနေသည်ဟု သိရသည်။

တစ်လ လေးကြိမ် ပြုလုပ်သော မြို့နယ်အစည်းအဝေး၌ မုဒုံမြို့ မယကက ယခုကဲ့သို့ ချမှတ်ခဲ့သည်။ ၄င်းကြက်ဆူပင်များကို အကြောင်းပြုပြီ ကျေးရွာများထံ လိုက်လံငွေတောင်းခံခဲ့သည်ဟု ကျေးရွာဥက္ကဌနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့က ကျေးရွာမှာ အိမ်ခြေအပေါ်မူတည်ပြီ (ကြီး၊ လတ်၊ ငယ်) သုံးမျိုးခွဲထားတယ်။ ကြီးတဲ့ကျေးရွာကို (၂) သိန်း၊ အလတ်ဆိုရင် (၁) သိန်းခွဲနဲ့ ငယ်တဲ့ရွာကို (၁) သိန်းနဲ့ငါးထောင် ရောင်းပေးနေတယ်။ နောက်ပြီ ရွာထဲမှာ လွတ်တဲ့မြေကွက်တွေမှာလည်း ကြက်ဆူပင် စိုက်ခိုင်းနေတယ်” ဟု ၄င်းက ဆက်ပြောသည်။

ထို့ကြောင့် ၄င်းတို့မှ ပျိုးထားသောကြက်ဆူပင်များကို ရွာကြီးငယ်အပေါ်မူတည်၍ မယူမနေရစနစ်အဖြစ် အတင်းဝယ်ခိုင်းနေသည်ဟု မုဒုံမြို့နယ် ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“မယကက သူတို့ချပေးထားတဲ့ ကြက်ဆူပင်များကို ဝယ်ခိုင်းပြီ ကျေးရွာအတွင်းမှာ ပြန်စိုက်ခိုင်းတယ်။ ရွာမှာဆိုရင် အိမ်ကြီး အိမ်ငယ်ကြည့်ပြီ တစ်ချို့အိမ်ကို (၄) ပင်ဝယ်ခိုင်းတယ်။ ငယ်တဲ့အိမ်တော့ (၂) ပင်လောက် ဝယ်ခိုင်းတယ်” ဟု ၄င်းက ဆက်ပြောသည်။ ကြက်ဆူပင် ပျိုးပင်တစ်ပင်ကို (၃၀၀) ကျပ် ပေးရသည်ဟု သိရပါသည်။

မုဒုံမြို့နှင့် မုဒုံမြို့နယ်အပါဝင် ကျေးရွာကြီးငယ်စုစုပေါင်း (၄၂) ရွာ ရှိပြီး မယကမှ ကျေးရွာဥက္ကဌများထံ အစည်းအဝေးတွင် တောင်းခံထားသော ငွေပမာဏများကို သြဂုတ်လ ယခုလမကုန်မီ အပြီးထည့်သွင်း ပေးရမည်ဟု မြို့နယ်မယကမှ ချမှတ်ထားသည်။

မုဒုံမြို့ခံတစ်ဦး၏ ပြောပြချက်အရ “ဒီအချိန်မှာ ရာဘာလည်း မထွက်သေးလို့ ဘာကြေးညာကြေးတွေကလဲ များနေတယ်။ ကျနော်တို့က မပေးချင်ပေမယ့်လည်း ပေးနေရတယ်။ ကျနော်ကြားတာကတော့ ရွာ အများစုကလည်း ကြောက်ပြီ ပေးနေရတယ်” ဟု ၄င်းက ဆိုသည်။

လွန်ခဲ့သည့်နှစ်များတွင်လည်း တစ်အိမ်လျှင် ကြက်ဆူပင် ၅ ပင် အိမ်တိုင် ဝယ်ယူထိသော်လည်း အပင်ဖြစ်ထွန်းမအောင်မြင်သည့်အတွက် ဒေသခံအာဏာပိုင်တို့မှ ကြက်ဆူပင်ကို ထပ်မံရောင်းချသည်။ ကြက်ဆူပင်များသာမက ကြက်ဆူစေ့များကို အစိုးရအဖွဲ့များ မှတ်ပုံတင် လုပ်ပေးနေသောအချိန်တွင် မှတ်ပုံတင် လာရောက်လုပ်သူများအား တစ်ယောက်လျှင် တစ်ထုတ်စီရောင်းပေးပြီး အိမ်ပတ်ဝန်းကျင်၌
ပြန်လည်စိုက်ပျိုးခိုင်းခဲ့သည်။

လွန်ခဲ့သည့် ဇန်နဝါရီလတွင်လည်း သံဖြူဇရပ်မြို့နယ်ရှိ ကျောင်းသား ၁၄ ဦး ကြက်ဆူသီးစားမိ၍ မူးဝေသွားခြင်းကြောင့် ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူခဲ့ကြရသည်။