ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ် မြောက်ပိုင်း မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ရွာပေါင်း ၆၀ ကျော် ပြောင်းရွှေ့ရမည့် ကိစ္စအား ကချင်အဖွဲ့အစည်းများနှင့် ဒေသခံများက ကန့်ကွက်သွားမည်ဖြစ်ကြောင်း ကချင်ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက် - KDNG နှင့် ဒေသခံများက ပြောသည်။
ပြောင်းရွှေ့ရမည့် ကျေးရွာများမှာ မြစ်ကြီးနားမြို့မြောက်ဘက် ၂၇ မိုင်အကွာရှိ “မြစ်ဆုံရေကာတာ စီမံကိန်း” ဆောက်လုပ်မည့် မေခ-မလိခ မြစ်ဆုံအထက်မှ တယန်ဇွပ်၊ မလိဇွပ်၊ တန်ဘောင်ယန်တို့ အပါအဝင် ရွာ ၄၀ ကျော်နှင့် အောက်ဘက်မှ တန်ဖရဲ၊ ကြိမ်ခရန်၊ လုန်ဂါဆွတ် အပါအဝင် ၁၀ ရွာကျော် ဖြစ်သည်။
“ပြည်သူတွေကိုလည်း အသိမပေးဘဲ သူတို့ လုပ်ချင်သလို လုပ်နေတာ။ ဒါဟာ မတရားဘူး။ နောက် ဒီမြစ်ဆုံရေကာတာ လုပ်တဲ့နေရာက စစ်ကိုင်း ငလျင်ကြောနဲ့ ဆက်စပ်နေတယ်။ ဒါကြောင့် ကျနော်တို့ စိုးရိမ်တယ်။ ကျနော်တို့က ပြည်သူတွေနဲ့ လက်တွဲပြီးတော့ ဆက်လက် ကန့်ကွက်သွားမှာပဲ” ဟု တရုတ်-မြန်မာ နယ်စပ်အခြေစိုက် KDNG မှ တာဝန်ခံ ဦးအောင်ဝါက မဇ္ဈိမကို ပြောသည်။
မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်း၊ ကျေးရွာများ ပြောင်းရွှေ့ရခြင်းကြောင့် KDNG နှင့် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (AKSYU) တို့က ကန့်ကွက်မှုများ မကြာခဏ ပြုလုပ်ခဲ့သည်။
“အရင်လကုန်ပိုင်းက မြစ်ဆုံရဲ့ အထက်ပိုင်းမှာရှိတဲ့ ရွာတွေ အကုန်ပါတယ်။ အေရှားဝေါ ကုမ္ပဏီကရော၊ အစိုးရဘက်ကရော မြေလာတိုင်းကြတယ်။ မြစ်ကြောင်းတလျှောက် အိမ်အကြီးအငယ် အကုန် လိုက်တိုင်းနေတယ်။ ကက်သလစ် ဘုရားကျောင်းတွေရော ရုတ်တရက် လာတိုင်းသွားတယ်။ မြစ်ဆုံက စေတီတွေလည်း ပါတယ်” ဟု တန်ဖရဲကျေးရွာ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
မည်သည့်အတွက်ကြောင့် မြေလာတိုင်းကြောင်း ဒေသခံက မသိရှိသော်လည်း ယခုလဆန်းပိုင်းက မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက ကြိန်ခရန် ကျေးရွာသားများအား နေအိမ်များ ပြောင်းရွှေ့ရန် ပြောကြားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
မကြာသေးမီက စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံလိုက်သော NDAK ဇခုန်တိန့်ယိန်းနှင့် အဖွဲ့၊ ကချင်လွတ်မြောက်ရေးအဖွဲ့ - KIO ခွဲထွက် လဆန်အောင်ဝါနှင့် အဖွဲ့တို့လည်း ကျေးရွာ အပြောင်းအရွှေ့ကိစ္စများအား ယမန်နေ့က တန်ဖရဲကျေးရွာ၌ ဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံက ဆက်ပြောသည်။
ရေအားလျှပ်စစ် မီဂါဝပ် ၃,၆၀၀ ထုတ်လွှတ်ပေးနိုင်မည့် “မြစ်ဆုံရေကာတာစီမံကိန်း” အရ မေခမြစ် အပိုင်းတွင် တာ ၅ ခု၊ မလိခမြစ်မှာ ၂ ခု ပိတ်မည်ဖြစ်ကြောင်း သိရသည်။
မြစ်ဆုံရေကာတာ စီမံကိန်းအား ၂၀၀၇ ခု နှစ်ဆန်းပိုင်းက စတင်၍ အေးရှားဝေါကုမ္ပဏီနှင့် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း - CPI တို့က တာဝန်ယူ ဆောက်လုပ်နေခြင်း ဖြစ်သည်။
ကချင်ပြည်နယ်အတွင်း၌ မြစ်ဆုံရေကာတာ စီမံကိန်း၊ ချီဖွေရေကာတာ စီမံကိန်းနှင့် တာပိန်မြစ် ရေကာတာ စီမံကိန်းများ တည်ဆောက်နေသည်။