ချင်းမိုင်၊ နယူးဒေလီ (မဇ္စျိမ)။ ။ ရန်ကုန်အခြေစိုက် Phoenix ဂျာနယ်အား စည်းကမ်း ဖောက်ဖျက်သည် ဟုဆိုကာ စာပေစိစစ်ရေးဌာနက ယခုလ ၂၁ ရက်နေ့တွင် ထုတ်ဝေခွင့် ပိတ်ပင်လိုက်သည်။
ကြာသပတေးနေ့ အပတ်စဉ်ထုတ် အနုပညာဂျာနယ်တခုဖြစ်သည့် Phoenix အား ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးဌာနက စည်းကမ်းဖောက်ဖျက်သည်ဟု စွပ်စွဲကာ ပိတ်ပင်ခြင်းဖြစ်သည်။
“ဟုတ်ပါတယ်။ ကြော်ငြာဘုတ်မှာ ချိတ်ထားပါတယ်။ ပိတ်သိမ်းလိုက်ပါတယ်။ ” ဟု စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။ အသေးစိတ်ပြောရန်ကိုမူ သူက ငြင်းဆိုသွားသည်။
Phoenix ဂျာနယ်တိုက် ဝန်ထမ်းတဦးက “ပြန်ဖွင့်နိုင်ဖို့ လူကြီးတွေ ကြိုးစားနေဆဲပါ။ ပြန်ဖွင့်နိုင်ဖို့ အခွင့်အရေးက ၃၀ ရာခိုင်နှုန်းပဲ ရှိပါတယ်” ဟု ဆိုသည်။
Phoenix သည် ထုတ်လုပ်မှုသက်တမ်း ရ လသာ ရှိသေးပြီး၊ ပြီးခဲ့သည့် မေလအတွင်းကလည်း ဆင်ဆာပယ် သတင်းတချို့ကို ဂျာနယ်ထဲတွင် ဖော်ပြသည်ဟုဆိုကာ စိစစ်ရေးက ထုတ်ဝေခွင့် တကြိမ် ရပ်ဆိုင်းခံရသေးသည်။
ယခုလို ပိတ်လိုက်ခြင်းသည် စိစစ်ရေးစည်းကမ်း အကြိမ်ကြိမ် ချိုးဖောက်ခြင်း၊ ထုတ်ဝေသူ လိုက်နာရမည့် စည်းကမ်းများ မလိုက်နာခြင်းကြောင့်ဟု စာပေစိစစ်ရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေ လက်မှတ်ဖြင့် ယခုလ ၂၀ ရက်နေ့တွင် စာထုတ်ပြန်ခဲ့ပြီး ၂၁ ရက်နေ့တွင် စာပေစိစစ်ရေးရုံးတွင် တရားဝင် ကြော်ငြာကပ်ခဲ့သည်။
ဂျာနယ်ပင်တိုင်ထုတ်ဝေသူသည် ယခင်လေတပ်အရာရှိ ဗိုလ်မှူးဟောင်း မာဂျေဖြစ်ပြီး၊ စာရေးဆရာ မာဂျေဟု လူသိများသည်။ သူသည် နေပြည်တော်သို့ စစ်အစိုးရ ပြောင်းရွှေ့သွားသည်ကို သရော်စာများ ရေးသားပြီးနောက် ရာထူးမှ ထုတ်ပယ်ခံရသည့်အပြင် သူ၏ ဆောင်းပါးနှင့် ဓာတ်ပုံများကို ဂျာနယ်များတွင် ရေးသားထုတ်ဝေခွင့် ပိတ်ပင်ခံထားရသူလည်း ဖြစ်သည်။
“အညှိုးထားသလို ဖြစ်တာပေါ့။ သူတို့က အခုလို စည်းကမ်းဖောက်တော့ အပြစ်ပြစရာ ဖြစ်တာပေါ့။ ဘောင်ထဲကနေလုပ်ရင် ဘာမှမဖြစ်ပါဘူး'' ဟု အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးက ပြောသည်။
ဝန်ထမ်းပေါင်း ၂၀ ခန့်ဖြင့် လည်ပတ်နေသည့် Phoenix ဂျာနယ်အား ထုတ်ဝေခွင့် ပိတ်ပင်လိုက်သဖြင့် ၎င်းတို့၏ စားဝတ်နေရေးနှင့် အနာဂတ်အရေး မသေမချာ ဖြစ်နေရကြောင်း ၎င်းဂျာနယ်နှင့် နီးစပ်သူက ပြောသည်။