အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ပြောစကား ဂျာနယ်တွင် ဖော်ပြခွင့်ရ

အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ပြောစကား ဂျာနယ်တွင် ဖော်ပြခွင့်ရ
by -
နန်းဒေဝီ
စာပေစိစစ်ရေး၏ ဆင်ဆာဖြတ်တောက်မှု လျှော့ပေါ့မှုတခုမှှာ အစဉ်အလာအားဖြင့် ဖော်ပြခွင့် ပေးလေ့မရှိသော အတိုက်အခံပါတီ အန်အယ်ဒီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြောစကားကို အပတ်စဉ်ထုတ် ရန်ကုန်အခြေစိုက် ဂျာနယ်နှစ်ခု ...

နယူးဒေလီ (မဇ္စျိမ)။     ။ စာပေစိစစ်ရေး၏ ဆင်ဆာဖြတ်တောက်မှု လျှော့ပေါ့မှုတခုမှှာ အစဉ်အလာအားဖြင့် ဖော်ပြခွင့် ပေးလေ့မရှိသော အတိုက်အခံပါတီ အန်အယ်ဒီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြောစကားကို အပတ်စဉ်ထုတ် ရန်ကုန်အခြေစိုက် ဂျာနယ်နှစ်ခုတွင် ကိုးကား ဖော်ပြခွင့် ရခဲ့သည်။

ဆိုင်းငံ့ပြစ်ဒဏ် တနှစ်ခွဲကျခံနေသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းများ ရေးသားရာတွင် ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်း၏ စကားများကို ယခုတပတ် နောက်ဆုံးထုတ် The Voice နှင့် 7 Days ဂျာနယ်တို့တွင် ကိုးကားဖော်ပြခွင့် ရရှိခြင်း ဖြစ်သည်။

“ဦးဉာဏ်ဝင်း နာမည်ဆိုတာ အရင်က ကျနော်တို့ ဂျာနယ်တွေမှာ သူ့ပြောစကား မပြောပါနဲ့၊ သူ့နာမည်တောင် ဖော်ပြခွင့် မရှိပါဘူး။ ဒီတခေါက်တော့ စိစစ်ရေးက ခွင့်ပြုထားတာကို တွေ့ရတော့ ထူးခြားသလိုတော့ တွေ့ရတယ်” ဟု အပတ်စဉ်ဂျာနယ်တခုမှ အယ်ဒီတာတဦးက မဇ္စျိမကို ပြောသည်။

7 Days တွင် ပြစ်ဒဏ်ပေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်သို့ ပြန်ရောက်ပြီး နောက်တရက်တွင် သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းက သွားရောက် တွေ့ဆုံခဲ့သည့်အပေါ် တွေ့ဆုံမေးမြန်းထားသည့် ပြောစကားကို ဖော်ပြထားသည်။

“သူ့အတွက် ယူသွားတဲ့ ဂျာနယ် ၂ စောင် ပေးခဲ့ပါတယ်။ အခု ပေးလို့ရပြီ၊ ဧည့်တွေ့ခွင့်လည်း ရခဲ့တဲ့အတွက် ဒီနေ့ ၁ နာရီခန့်ကြာ တွေ့ဆုံစကားပြောခွင့်ရခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်” ဟု ဆိုသည်။

အလားတူ The Voice ၏ မျက်နှာဖုံးတွင် “ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ပြန်ရောက်သော်လည်း နေအိမ်ကို ဆက်လက်ပြင်ဆင်ခွင့်ပြု”ခေါင်းစည်းဖြင့် ဦးဉာဏ်ဝင်း၏ အမည်နှင့် ပြောစကားကို ဖော်ပြသည်။

အတွင်းစာမျက်နှာများ၌လည်း ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက်ချသည့်ကိစ္စ၊ နေအိမ်ပြုပြင်သည့်ကိစ္စ၊ သူမ၏ နေအိမ်အစောင့် ရဲဝန်ထမ်းများကို အရေးယူသည့် ကိစ္စအပြင်၊ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၁ ခုနှစ်တွင် ပြန်လည်လွတ်လာမည် စသည်ဖြင့် ဆိုထားသေးသည်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်ရစဉ် တရားခွင်သတင်း ယူခွင့်ပေးခဲ့သော်လည်း ဖော်ပြခွင့် မပေးခဲ့သော သတင်းများအနက် သတင်းတပုဒ်ကိုလည်း ‘၇၅ မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည်အမှု အမိန့်ချသည့်နေ့’ ဟု ခေါင်းစဉ်ဖြင့် The Voice က ရေးထားသည်။

ယခုလို ရှေ့နေ ဦးဉာဏ်ဝင်း ပြောစကားနှင့် တရားခွင်သတင်းကို စာပေစိစစ်ရေးက ခွင့်ပြုခဲ့သော်လည်း မြန်မာနိုင်ငံတွင် စာပေလွတ်လပ်ခွင့် အစပျိုးလိုက်ပြီဟု ပြောဆို၍ မရသေးကြောင်း စာနယ်ဇင်းသမားများကမူ ပြောဆိုသုံးသပ်ကြသည်။

“တခါတလေ တချို့ဟာတွေ လွှတ်ပေးတယ်၊ တခါတလေ ပြန်တင်းတယ်။ အဲဒါကို စာပေလွတ်လပ်မှု အစပြုတယ်လို့ ပြောလို့မရသေးပါဘူး။ စိစစ်ရေးက နားလည်ရခက်တယ်” ဟု ပြည်တွင်း သတင်းထောက်တဦးက မဇ္စျိမကို ပြောသည်။

အန်အယ်ဒီအပါအဝင်၊ ဒီမိုကရေစီရေး လှုပ်ရှားသည့် သံဃာတော်များ၊ ကျောင်းသားများ၊ အနုပညာရှင်များနှင့် စာနယ်ဇင်းသမားများ၏ လူမှုရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ လှုပ်ရှားမှုများကို စစ်အာဏာပိုင်များက ကန့်သတ်ထိန်းချုပ်သည့်အပြင် မီဒီယာများတွင် ၎င်းတို့၏ အမည်များကို ဖော်ပြခွင့် ပိတ်ပင်လေ့ရှိသည်။

လတ်တလောတွင် စစ်အစိုးရအာဘော် သတင်းစာများ၌ မကြာခင်က မြန်မာပြည်သို့ လာရောက်ပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် အမေရိကန်အမတ် မစ္စတာဂျင်မ်ဝဘ် ခရီးစဉ်အကြောင်း ဆက်တိုက်ဖော်ပြခဲ့သည်။

ခရီးစဉ်မှအပြန် ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားတချို့ကို ကွဲလွဲစွာ ပြောဆိုခဲ့သည်။

စစ်အစိုးရ သတင်းစာများကမူ ဂျင်မ်ဝဘ်ခရီးစဉ်နှင့် သူ၏ စီးပွားရေးပိတ်ဆို့မှုကို ကန့်ကွက်သည့် ရပ်တည်ချက်ကို ချီးမွမ်းရေးသားကာ၊ ပိတ်ဆို့မှုကို ကိုင်စွဲခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းပြည်ပ အတိုက်အခံများကို ဆန့်ကျင်ရေးသားကြသည်။

မြန်မာစာနယ်ဇင်းသမားများကမူ စစ်အစိုးရအာဘော် သတင်းစာများ၏ ရေးသားချက်များသည် ၎င်းတို့ လိုရာတွေးကာ ရေးသည့်အတွက် လွဲမှားနေကြောင်း ဝေဖန်သုံးသပ်ကြသည်။

Most read this week