မဇ္စျိမ (ချင်းမိုင်)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်သည် ရန်ကုန်ရှိ ဆေးရုံတရုံ၌ ယမန်နေ့က အောင်မြင်စွာ နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။
အသက် ၈၀ အရွယ် သတင်းစာဆရာဟောင်း ဦးဝင်းတင်သည် နှလုံးခုန်နုန်း ပုံမှန် မရှိသည့်အတွက် စမ်းချောင်းမြို့နယ် အာရှတော်ဝင်ဆေးရုံ၌ တက်ရောက်ခဲ့ပြီး၊ ၁၆ ရက်နေ့ ညနေတွင် နှလုံးခွဲစိတ်ကာ စက်ထည့်သွင်းခဲ့သည်။
“တနေ့က ည၊ စနေနေ့ ညပေါ့နော်။ ဆေးရုံသွားလိုက်ရတယ်။ မနေ့ညနေ နှလုံးထဲကို ခွဲပြီး စက်ထည့်ထားတယ်ဗျာ။ ပထမဆုံး အီးစီဒီစက် ၂၄ နာရီ တပ်ထားတယ်။ ဆရာဝန်က စိတ်မချလို့ဆိုပြီး နှလုံးခွဲပြီး ထည့်တယ်” ဟု ဆွေမျိုးတော်စပ်သူ ကိုသက်ဦးနိုင်က မဇ္စျိမကို ပြောသည်။
လက်ရှိတွင် ဦးဝင်းတင်၏ ကျန်းမာရေး ပုံမှန် ရှိနေသော်လည်း အနား၌ လူတဦး အမြဲရှိနေရကာ ဖုန်းကိုင်ခြင်းနှင့် လျှပ်စစ်မီး ခလုပ်များ ကိုင်တွယ်ခြင်း မပြုရန် ဆရာဝန်က မှာကြားထားသည်။
ဆရာကြီးသည် ပြီးခဲ့သည့်လ လယ်ပိုင်းမှ စတင်ကာ နှလုံးခုန်နုန်း ပုံမမှန်ဘဲ မောပန်းသည့် ဝေဒနာ ခံစားနေရသဖြင့် ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်သို့ မသွားရောက်နိုင်ဘဲ နေအိမ်တွင် အနားယူခဲ့ရသည်။ သို့သော်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆို ရုံးချိန်းရက်ပေးသည့် နေ့များတွင် တရားခွင် တည်ရှိရာ အင်းစိန်ထောင်သို့ သွားရောက်လေ့ရှိသူ ဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခဲ့ရာ အင်းစိန်ထောင်တွင်း၌ ၁၉ နှစ်ကျော်ကြာ ချုပ်နှောင်ခံခဲ့ရာမှ ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် လွတ်မြောက်လာခဲ့သည်။
ဦးဝင်းတင်အား ၂၀၀၁ ခုနှစ်တွင် ယူနက်စကို အဖွဲ့ကြီးက Guillermo Cano World Press Freedom Prize ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့သတင်းစာများ အဖွဲ့ကြီး World Association of Newspapers က လွတ်လပ်မှုဆိုင်ရာ ရွှေကလောင်ဆု Golden Pen of Freedom Awardတို့ကို ချီးမြှင့်ခဲ့သည်။
ထို့အပြင် ၂၀၀၆ ခုနှစ်၌လည်း ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (R.S.F) က သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ခဲ့သေးသည်။