ချင်းမိုင် (မဇ္ဈိမ)။ ။ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များကို ဖမ်းဆီးခြင်း၊ အတင်းအကျပ် နေရပ်ဒေသ ပြန်ပို့ခြင်းများ မပြုလုပ်ပါရန် ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တခုက ထိုင်းအစိုးရကို တိုက်တွန်းလိုက်သည်။
ထိုင်းနိုင်ငံတွင် အထူးအခြေခံဖြင့် ယာယီနေထိုင်ခွင့်ရသည့် တရားမဝင် ရွှေ့ပြောင်းလုပ်သားများမှ ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့သည့် ကလေးများ၏ အခွင့်အရေးကို အကာအကွယ်ပေးရန် ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင်က ယမန်နေ့တွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချ်ချာချီဝ (Abhisit Vejjajiva) ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် ရရှိထားသော မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်း အလုပ်သမားတဦး၏ ၃ နှစ်အရွယ်ရှိ သားငယ် ပိုးလ် ခေါ် အဗ္ဗဒူလာကို ဖမ်းဆီးသွားသည့်အမှု ဖြစ်အပြီး ထိုသို့ တိုက်တွန်းစာ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူ့မိခင်မှာ ထိုင်းနိုင်ငံ ဆမွတ်ပရာကန်ပြည်နယ် မောင်းခရိုင်တွင် ရိုတီ ရောင်းချစားသောက်သူ ဖြစ်သည်။
အဆိုပါ ကလေးငယ်ကို Suan Plu လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ထားရှိပြီး ၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၂၇ ရက် ည ၁ဝ နာရီခန့်တွင် ပြန်ပို့ရန် စီစဉ်ထားခဲ့သည်။ ကလေးကို ၁၉၇၉ ခုနှစ် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၅၄ ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် စွဲဆိုခဲဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (HRDF) က ထိုင်းရှေ့နေများကောင်စီ အပါအဝင် အခြား လူ့အခွင့်အရေး အဖွဲ့များနှင့် ဆက်သွယ်ညှိနှိုင်း၍ နေရပ်ရင်းပြန်ပို့ခြင်းကို ဆိုင်းငံ့ထား၍ ကလေးကို ချက်ချင်းလွှတ်ပေးပါရန် ထိုင်း လူဝင်မှုကြီးကြပ်ရေးဗျူရိုသို့ ပန်ကြားခဲ့သည်။ ထို့နောက် အဆိုပါကလေးကို ထိုင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။
''အခုလို ကလေးကိုလွှတ်ပေးပြီးမိဘထံပြန်ပို့ပေးခဲ့ပေမဲ့ ထိုင်းနိုင်ငံတော်အေဂျင်စီအတော်များများက ပိုးလ် လိုကလေးတွေရဲ့ ဥပဒေ အကြောင်းအချက်တွေနဲ့ ဥပဒေဆိုင်ရာ အဆင့်အတန်းတွေကို မှန်မှန်ကန်ကန် တိတိကျကျ နားမလည်ကြလို့ အခြား လူ့အခွင့်အရေး အဖွဲ့တွေကလည်း စိုးရိမ် ပူပန်နေကြပါတယ်'' ဟု AHRC က ကြေညာချက် ထုတ်ပြန်ရာတွင် ပြောဆိုသွားသည်။
အလားတူ အခြေအနေမျိုးတွင် ရှိနေကြသော ကလေးများအား ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း စသည်များ နောင်တွင် မပြုလုပ်နိုင်အောင် ကာကွယ်ရန် တရားမဝင် ရွှေ့ပြောင်းမိဘများမှ ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့သော ကလေးတိုင်းကို ကာကွယ်နိုင်ရန် အောက်ပါ ဥပဒေဆိုင်ရာ သဘောထားအမြင်နှင့် အဆိုပြုချက်တရပ်ကို တင်ပြအဆိုပြုမည်ဟု အဆိုပါ လူ့အခွင့်အရေးအဖွဲ့က ပြောသည်။
''ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ နေရပ်ရင်းပြန်ပို့ခြင်းတို့သည် နိုင်ငံတကာ ရာဇဝတ်ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်။ ဥပဒေက ပြစ်မှုမမြောက်သည်ဟု ယူဆသော အမှုကို မကျူးလွန်လျှင် လူတဦးတယောက်ကို ရာဇဝတ်ပြစ်ဒဏ် မပေးရ'' ဟု အဆိုပါစာတွင် ရေးသားထားသည်။
ပြဿနာကို ကာကွယ်နိုင်ရန် ဤအဖွဲ့က အစိုးရသို့ အဆိုပြုတင်ပြမည်။ အလားတူ ကလေးများ၏ အခွင့်အရေးကို ကာကွယ်နိုင်ရန် ထိုင်းနိုင်ငံနှင့် ထိုင်းအစိုးရ အရာရှိများက မည်သည့်ကလေးကိုမျှ ဖမ်းဆီးခြင်း၊ နေရပ်ရင်း ပြန်ပို့ခြင်း မပြုလုပ်ရန် ကာကွယ်တားဆီးသည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။ သူတို့၏ နေထိုင်ခွင့်ကို စစ်ဆေး၍ ကလေးတဦးကို နိုင်ငံမဲ့အဖြစ် မသတ်မှတ်ရန် ဖြစ်သည်။ ဤအစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်ရန်၊ ကလေးများ၏ အမည်နှင့် ကိုယ်ရေးအချက်အလက် အားလုံးကို ကွန်ပြူတာမှတ်တမ်းတွင် သိုလှောင်သိမ်းဆည်းထားရန် ဖြစ်သည်။
''ထိုင်းနိုင်ငံသည် နိုင်ငံတကာ ပြည်သူ့အခွင့်အရေးနှင့် လူ့အခွင့်အရေး နောက်ဆက်တွဲစာချုပ် (ICCPR)၊ လူ့အခွင့်အရေး ကြေညာစာတမ်း၊ ကလေးအခွင့်အရေး ကွန်ဗင်းရှင်း (CRC) တို့ကို လက်မှတ်ရေးထိုးထားသော နိုင်ငံတနိုင်ငံ ဖြစ်သည်နှင့်အညီ ကလေးများကို အနည်းဆုံး မူကြီး ၄ ရပ်ဖြစ်သော မခွဲခြားရေး၊ ကလေးအတွက် အကျိုးအရှိဆုံး ဆောင်ရွက်ပေးရေး၊ ကလေး အကာအကွယ်ပေးရေး၊ အသက်ရှင် ရပ်တည်နေထိုင်ခွင့်ပေးရေး စသော အချက်များနှင့်အညီ အပြည့်အဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တာဝန်ရှိသည်'' ဟု အဆိုပါ စာတွင် ရေးထားသည်။