ရှစ်လေးလုံး မမေ့ရန် လှုံ့ဆော်စာများ ပဲခူးတွင် ဖြန့်ကျဲ

ရှစ်လေးလုံး မမေ့ရန် လှုံ့ဆော်စာများ ပဲခူးတွင် ဖြန့်ကျဲ
ပဲခူးမြို့တွင် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လှုံ့ဆော်စာများကို ယနေ့နံနက်ပိုင်းက ဖြန့်ကျဲခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။ A4 အရွယ်အစား စာရွက် ထက်ဝက်ခန့်တွင် '၆ ရက်၊ ၈ လ၊ ၈၈' ခေါင်းစဉ်ဖြင့် စာ ၄ ကြောင်းခန့် ရေးသား ...

ချင်းမိုင် ။     ။ ပဲခူးမြို့တွင် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လှုံ့ဆော်စာများကို ယနေ့နံနက်ပိုင်းက ဖြန့်ကျဲခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။

A4 အရွယ်အစား စာရွက် ထက်ဝက်ခန့်တွင် '၆ ရက်၊ ၈ လ၊ ၈၈' ခေါင်းစဉ်ဖြင့် စာ ၄ ကြောင်းခန့် ရေးသားထားသည့် စာရွက်များကို မြို့တွင်း ကားလမ်းမများ၊ စျေးများနှင့် လူစည်ကားရာ နေရာများတွင် မြို့ခံများအနေဖြင့် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

“၆ ရက်၊ ၈ လ၊ ၈၈။ အောက်မှာ စာပိုဒ် ၂ ပိုဒ်။ အပေါ်ပိုဒ်က ၄ ကြောင်း ရေးထားတယ်။ ကျွနု်ပ်တို့ရဲ့ ခန္ဓာကိုယ်တွေ မရှိတော့ရင်တောင်မှ ကျွနု်ပ်တို့ရဲ့ ဝိဉာဉ်တွေက ဆက်လက်ရှင်သန်နေမှာပါတဲ့။ နောက်တပိုဒ်က ၆-၈-၈၈ ပဲခူးမြေမှာ အပြစ်မဲ့တဲ့ ကျောင်းသားတွေနဲ့ ပြည်သူတွေ သွေးမြေကျတဲ့နေ့ကို သင်တို့ မေ့ထားနိုင်ပြီလားတဲ့။ အောက်က ၈၈ ဝိဉာဉ်များ ဆိုပြီးတော့ ရေးထားတာ တွေ့တယ်” ဟု ၎င်းစာရွက်အား ရရှိသည့် မြို့ခံတဦးက မဇ္စျိမကို ပြောသည်။

ယနေ့နံနက်အစောပိုင်းတွင် ရွှေမော်တော ဘုရားလမ်းမကြီးနှင့် သနပ္ပင်လမ်းမပေါ်၌ အဆိုပါ စာရွက်များ တွေ့ရှိခဲ့သည်ဟု အခြား မြို့ခံတဦးကလည်း ပြောသည်။

နောက်ပိုင်းတွင် ၎င်းစာရွက်များကို ရဲများက လိုက်လံရှာဖွေမှုများ၊ သိမ်းဆည်းမှုများ ရှိခဲ့သည်။

အမှတ် (၁) ရဲစခန်းမှ တာဝန်ကျ ရဲတဦးက “ဟုတ်ပါတယ်ခင်ဗျ။ သူက ကဗျာလိုလို၊ ဘာလိုလို စာတိုင်လေး ပါတယ်။ ဘယ်သူတွေ ကျဲသွားတာလဲတော့ မသိဘူးဗျ။ ရှစ်လေးလုံး စာတော့ မဟုတ်ပါဘူး ခင်ဗျ” ဟု သူက မဇ္စျိမကို ပြောသည်။

၁၉၈၈ ခု သြဂုတ်လ ၈ ရက်နေ့တွင် မြန်မာပြည်တဝှန်းရှိ မြို့နယ်အများအပြားတွင် ဒီမိုကရေစီရေး ဆန္ဒပြပွဲများ ဖြစ်ပွားရာ စစ်တပ်က ပစ်ခတ်သဖြင့် လူဦးရေ ၃ ထောင်ကျော် သေဆုံးကာ ရာပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသည်။

ထိုနေ့မတိုင်ခင် ၂ ရက်အလို၊ သြဂုတ်လ ၆ ရက်နေ့တွင် ပဲခူးမြို့၌လည်း ကျောင်သားများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားရာ စစ်တပ်က ပစ်ခတ်သဖြင့် သေဆုံးမှုများ ရှိခဲ့သည်။

ယခုလို ရှစ်လေးလုံး နှစ်ပတ်လည်နေ့များတွင် ပဲခူးမြို့၌ အလားတူ လှုံ့ဆော်စာများ နှစ်စဉ် ဖြန့်ကျဲလေ့ရှိသည်။

Most read this week