စိစစ်ရေးက ဂျာနယ်များအပေါ် အချိန်ကန့်သတ်

စိစစ်ရေးက ဂျာနယ်များအပေါ် အချိန်ကန့်သတ်
by -
နန်းဒေဝီ
ပြန်ကြားရေး ဝန်ကြီးဌာနလက်အောက် စာပေစိစစ်ရေးက အပတ်စဉ်ထုတ် ဂျာနယ်တိုက်များအပေါ် စာမူကြမ်း တင်ပြရာတွင် အချိန်ကန့်သတ်မှု ပြုလိုက်သည်။ ယခုလဆန်း တရက်နေ့မှစတင်ကာ အပတ်စဉ်ထုတ် ဂျာနယ်များ၏ စာမူကြမ်းများကို စီဒီဖြင့် တင်ပြ ...

နယူးဒေလီ (မဇ္စျိမ)။     ။ ပြန်ကြားရေး ဝန်ကြီးဌာနလက်အောက် စာပေစိစစ်ရေးက အပတ်စဉ်ထုတ် ဂျာနယ်တိုက်များအပေါ် စာမူကြမ်း တင်ပြရာတွင် အချိန်ကန့်သတ်မှု ပြုလိုက်သည်။

ယခုလဆန်း တရက်နေ့မှစတင်ကာ အပတ်စဉ်ထုတ် ဂျာနယ်များ၏ စာမူကြမ်းများကို စီဒီဖြင့် တင်ပြရာတွင် နေ့လည် ၁၂ နာရီ နောက်ဆုံးထား တင်ပြရန် ညွှန်ကြားလာခဲ့သည်။

“ဒီစနစ်ကို သုံးတာ ကောင်းပါတယ်။ ဒါပေမဲ့ ရန်ကုန်လျှပ်စစ်မီးက ဘာမှပြောလို့ မရဘူး။ ကိုယ်လိုချင်တဲ့အချိန်မှာ မီးမလာရင် အဆင်မပြေပြန်ဘူး။ ဒီတော့ ပေးတဲ့အချိန်အတွင်း ပြီးဖို့ဆိုတာ မလွယ်ပါဘူး” ဟု ရန်ကုန်အခြေစိုက် အယ်ဒီတာတဦးက မဇ္စျိမကို ပြောသည်။

ရောင်းအားကောင်း အပတ်စဉ်ထုတ်ဂျာနယ်မှ တာဝန်ခံအယ်ဒီတာတဦးကမူ ပုံစံသစ်ကို ကြိုဆိုလိုက်သည်။

“ဒီပုံစံမျိုးက ဖြစ်သင့်တာ ကြာလှပါပြီ။ ဂျာနယ်သမားတွေအတွက် အရမ်းကို အဆင်ပြေလာပါတယ်။ လောလောဆယ်တော့ ကြိုးစားလုပ်ရတာပေါ့ဗျာ။ ဘယ်တော့လောက် အဆင်မပြေ ဖြစ်လာမလဲတော့ မသိဘူး” ဟု သူက ပြောသည်။

ဂျာနယ်တိုက်များ၏ စာမူကြမ်းများကို ယခင်က A3 ၊ A4 အရွယ်အစား စက္ကူများအသုံးပြုကာ စိစစ်ရေးတွင် တင်ပြခဲ့ရပြီး ပြီးခဲ့သည့်လမှ စတင်ကာ စာမူကြမ်းကို PDF ဖိုင်အသွင်ပြောင်း၍ စီဒီချပ်နှင့်အတူ စက္ကူစာမူကြမ်းဖြင့် ပူးတွဲတင်ပြခဲ့ကြသည်။

သို့သော် ယခုလဆန်းမှ စတင်ကာ စီဒီတခုတည်းဖြင့်သာ စိစစ်ရေးကို တင်ပြရန် ညွှန်ကြားခဲ့သည်။

ထို့အပြင် စာပေစိစစ်ခအတွက် ဂျာနယ်များအား ခွင့်ပြုထားသည့် စာမျက်နှာ အရေအတွက်အတိုင်း တမျက်နှာလျှင် ကျပ် ၂ဝဝ နှုန်းဖြင့် စိစစ်ရေးရုံးကို ပေးသွင်းရန်လည်း ညွှန်ကြားချက်တွင် ဖော်ပြရေးသားထားသည်။

“တမျက်နှာ ၂၀၀ ပေးရလည်း သက်သာနေပါသေးတယ်။ စက္ကူမူကြမ်းထက် စာရင်ပေါ့” ဟု အဆိုပါ ဂျာနယ်အယ်ဒီတာက ပြောသည်။

စီဒီတချပ်လျှင် ကျပ် ၁၅၀ဝ နှုန်းသာ ပေးဝယ်ရသည့်အတွက် ယခင် A4 နှင့် A3 အရွယ်ရှိ စက္ကူဖြင့် ပုံနှိပ်ထုတ်၊ မိတ္တုကူး တင်ပြရသည့် ကုန်ကျစရိတ်နှင့်စာလျှင် ကျပ်ငွေ ၃ သောင်းကျော် သက်သာနေသေးကြောင်း ဂျာနယ်တိုက်အချို့က ခန့်မှန်းပြောဆိုကြသည်။