၇ နှစ်ကြာ ပိတ်ထားခဲ့သော တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်း ပြန်လည်ဖွင့်လှစ်

၇ နှစ်ကြာ ပိတ်ထားခဲ့သော တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်း ပြန်လည်ဖွင့်လှစ်
by -
ဖနိဒါ
၇ နှစ်ကြာ ပိတ်ထားခဲ့သော တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး စခန်းသစ်တခု ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ငြိမ်းချမ်းရေးအဖွဲ့ တခုဖြစ်သည့် ကချင် ဒီမိုကရေစီသစ် တပ်မတော် NDA-K ထိန်းချုပ်ရာ ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ် ကန်ပိုင်တီး ကျေးရွာတွင် ဖွင့်လှစ် ...

ချင်းမိုင် (မဇ္ဈိမ)။      ။ ရ နှစ်ကြာ ပိတ်ထားခဲ့သော တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး စခန်းသစ်တခု ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ငြိမ်းချမ်းရေးအဖွဲ့ တခုဖြစ်သည့် ကချင် ဒီမိုကရေစီသစ် တပ်မတော် NDA-K ထိန်းချုပ်ရာ ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ် ကန်ပိုင်တီး ကျေးရွာတွင် ဖွင့်လှစ်ပွဲသို့ မြောက်ပိုင်းတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း တက်ရောက်ခဲ့သည်။

“လဝက (လူဝင်မှုကြီးကြပ်ရေး) ကအစ အကုန်ရောက်ပြီ။ ဒီကိစ္စက ၂၀၀၂ ခုနှစ်မှာ တခါ ဖွင့်သေးတယ်။ ဒါပေမဲ့ လမ်းက မကောင်းသေးဘူး။ လမ်းမကောင်းတော့ ယာယီ ရပ်ထားတာကို ခုလ ၁ ရက်နေ့မှာ ရုံးပြန်ဖွင့် လိုက်တာပါပဲ” ဥက္ကဋ္ဌ ဆခုန်တိန်းယိမ်းက မဇ္ဈိမကို ပြောသည်။

လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ သစ်တောဌာန၊ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့ စသည့် ဦးစီး အရာရှိများနှင့်အတူ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများသည်လည်း ယခုလ ၁ ရက်နေ့မှစ၍ ကန်ပိုင်တီးသို့ အခြေချ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

တရုတ်နယ်စပ်တွင် မူဆယ် ၁၀၅ မိုင်၊ ကန်ပိုင်တီး၊ လိုင်ဇာ၊ လွယ်ဂျယ် စသည့် ကုန်သွယ်ရေးစခန်း ၄ ခုအနက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှာ ကုန်စည်စီးဆင်းမှု အများဆုံး လုပ်နေသည့်နေရာ ဖြစ်သည်။

စစ်အစိုးရက ကမ်းလှမ်းခဲ့သည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို NDA-K လက်ခံလိုက်ပြီးနောက်ပိုင်း ကုန်သွယ်ရေးစခန်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယင်းသို့ ကုန်သွယ်ရေးရုံး ပြန်လည်ဖွင့်လှစ်သော်လည်း ဒေသအတွင်း၌ ကုန်သွယ်ရေးကျဆင်းနေကြောင်း ကန်ပိုင်တီး ဒေသခံတဦးက ပြောသည်။

၂၀၀၄ ခုနှစ်တွင် မြစ်ကြီးနား-ကန်ပိုင်တီး ကားလမ်းအား စတင်ဖောက်လုပ်ခဲ့သည်။ ၂၀၀၅ ခုနှစ်မှာ ၁၆၈ ကီလိုမီတာ ရှည်လျားသည့် မြစ်ကြီးနား-ထိန်ချုံး (တရုတ်ပြည်) ကားလမ်း စတင်ဖောက်လုပ်ခဲ့သည်။