ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နယ်စပ်ဂိတ်များ အထူးသဖြင့် မြန်မာနိုင်ငံ မြဝတီနှင့်တဖက်ကမ်း မဲဆောက်တွင် အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုင်းအစိုးရ ကူးသန်းရောင်းဝယ်ရေးဌာန ဒု-ဝန်ကြီး Alongkorn Polbut သည် ထိုင်းနယ်စပ် စီးပွားရေုးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသည့်အနေနှင့် မဲဆောက်နှင့် မြဝတီမြို့များသို့ ဇူလိုင်လ ၃၁ ရက်နှင့် သြဂုတ်လ ၁ ရက်နေ့များက သွားရောက်လည်ပတ်ခဲ့သည်။
သူ၏ ဝန်ကြီးဌာနက `အုပ်ချုပ်ထောက်ပံ့ ဗဟိုချက်မ စီမံကိန်း´ “Logistics Hubs Project” ကို ဆောင်ရွက်သွားမည်ဟု မဲဆောက်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ဒုဝန်ကြီး Alongkorn က ပြောကြားသွားသည်။ ဤလုပ်ငန်းသည် အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်တွင် အကောင်အထည်ဖော်မည့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်အတွက်ပါ အထောက်အကူပြုမည်ဟု ဆိုသည်။
''မနှစ်က ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးဟာ ဘတ်သန်းပေါင်း ၁၅၆ဝဝဝ (အမေရိကန်ဒေါ်လာ ၄၇၂၇ သန်း) နဲ့ အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ဒီနှစ်မှာ ၁ဝ % တိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်'' ဟု သူက ဆက်ပြောသည်။
''ထိုင်းအစိုးရက ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံတို့ကနေ မြန်မာနိုင်ငံ မြဝတီနဲ့ မော်လမြိုင်တို့ကိုသွားတဲ့ လမ်းကြောင်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပါမယ်။ ဒါ့အပြင် တာ့ခ်ပြည်နယ်ကို နယ်စပ် အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ပေးဘို့ ကျနော်တို့ဝန်ကြီးဌာနက ထို်င်းဝန်ကြီးအဖွဲ့ကို အဆိုပြုပါမယ်။ ဒီအထဲမှာ မဲဆောက်၊ မဲရမတ် (Mae Ramad) နဲ့ ဖုတ်ဖရ (Pob Phra) ခရိုင် (မြန်မာနိုင်ငံ ကရင်ပြည်နယ် နယ်စပ်) တို့ ပါဝင်ပါတယ်'' ဟု ဝန်ကြီးက ပြောကြားသွားသည်ဟု ထိုင်းအမျိုးသား သတင်းဗျူရို ဝဘ်ဆိုဒ် သတင်းပေးပို့ချက်တွင် ရေးသားထားချက်အရ သိရသည်။
တာ့ခ်ပြည်နယ် စီးပွားရေးဇုန် စီမံကိန်းကို ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ရန်နှင့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ပြဿနာကို စစ်ဆေးထိန်းချုပ်နိုင်ရန်၊ နယ်စပ်အနီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေးအပ်နိုင်ရန် ရည်မှန်းချက်ဖြင့် ပြုလုပ်ခဲ့သည်။ ဤသို့ဖြင့် အလုပ်သမားများ ဘန်ကောက်ကဲ့သို့သော အနီးအနား ပြည်နယ်များရှိ မြို့ကြီးများသို့ ရွှေ့ပြောင်းအလုပ်လုပ်ကြမည့် အန္တရာယ်ကို တားဆီးနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။
စီမံကိန်းအတွက် ထိုင်းစီးပွားရေး လုပ်ငန်းများမှ မြန်မာနိုင်ငံရှိ အလုပ်သမားများကို ငှားရမ်းရာတွင် မှတ်ပုံတင်ခနှင့် အခွန်နှုန်း အထူးသက်သာသော နှုန်းထားဖြင့် ရရှိရေးတို့ကဲ့သို့သော ဥပဒေအရ အထူးအခွင့်အရေးတို့ကိုပါ ရရှိမည်ဖြစ်သည်။
မဲဆောက်နှင့် ကုန်သွယ်မှုပမာဏသည် ယခုနှစ်တွင် ဘတ်သန်းပေါင်း ၁၇ဝဝဝ (အမေရိကန် ဒေါ်လာ ၅၁၅ သန်း) ရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်တွင် ဘတ်သန်းပေါင်း ၂ဝဝဝဝ (အမေရိကန်ဒေါ်လာ ၆ဝ၆ သန်း) အထိ ရှိလာလိမ့်မည်ဟု မျှော်မှန်းကြောင်း တာ့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး (Komsan Ekkachai) က ပြောသည်။
မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် တဖက်ကမ်း ရနောင်းတွင် ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်သော ကွန်ဖရင့်တွင် ထိုင်းနိုင်ငံတောင်ပိုင်းမှ စီးပွားရေးသမားတဦးက တောင်အာရှ၊ အရှေ့တောင် အာရှနှင့် တရုတ်ပြည်တို့ကို ဆက်သွယ်သည့် လမ်းမကြီးများ ဖောက်လုပ်ရေးအတွက် ငွေကြေး အကုန်အကျခံ သုံးစွဲပါရန် ထိုင်းအစိုးရကို တိုက်တွန်းပြောဆိုသွားသည်။
လက်ရှိ စီးပွားရေးအကျပ်အတည်း အခြေအနေများအရ ထိုင်းစီးပွားရေးလုပ်ငန်းများသည် အမေရိကန်၊ ဂျပန်တို့ကို အဓိကပစ်မှတ်ထား ကုန်သွယ်နေရာမှ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကို ပြောင်းလဲ၍ ကုန်သွယ်သင့်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှု ဆွေးနွေးညှိနှိုင်းရေးဌာန တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Bunika Jamsai က ပြောသည်။ အဆိုပါနိုင်ငံများသည် စီးပွးရေးတိုးတက်မှုနှုန်း အလွန်လျင်မြန်ပြီး နေရာအားဖြင့်လည်း မဝေးသည့်အတွက် သယ်ယူပို့ဆောင်ရေးအရပါ အဆင်ပြေကြောင်း သူက အကြောင်းပြသည်။
''လောလောဆယ်မှာ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား ကုန်ပစ္စည်း ၈၂ မျိုးအတွက် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ရှိထားပြီး အခွန်နှုန်းထားကလည်း ၄ဝ % ကနေ သုညရာနှုန်းအထိ လျော့ကျသွားပါပြီ။ ဒါ့အပြင် ရနောင်းကနေ အိန္ဒိယနိုင်ငံအရောက် သယ်ယူပို့ဆောင်ရေးကလည်း ၄ ရက်ပဲ ကြာပါတယ်'' ဟု သူမက ပြောသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေက နယ်စပ်ကုန်သွယ်ရေးကို လာထိခိုက်စေသည်။ မကြာသေးမီကလည်း ကော့သောင်းနှင့် မြဝတီ နှစ်မြို့လုံးရှိ အဓိက နယ်စပ်စစ်ဆေးရေး ဂိတ်များတွင် မြန်မာအာဏာပိုင်များက တင်းကျပ်ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏အမှု စီရင်ချက်ချမည့်နေ့ကို သြဂုတ်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်သည့်နောက်ပိုင်း အစိုးရဆန့်ကျင်ရေးအဖွဲ့များက ဒုက္ခပေးလာမည်ကို ရှောင်ရှားသည့်အနေနှင့် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Published
Monday, August 3, 2009 - 23:21
ထိုင်းအစိုးရက နယ်စပ်ထောက်ပံ့ အုပ်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်လို
နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နယ်စပ်ဂိတ်များ အထူးသဖြင့် မြန်မာနိုင်ငံ မြဝတီနှင့်တဖက်ကမ်း မဲဆောက်တွင် အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်သွားမည် ...