နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံသို့ ခရီးသွားလုပ်ငန်း ကုမ္ပဏီများမှတဆင့် Arrival Visa ခေါ် ဆိုက်ရောက်ဗီဇာ လျှောက်သည့် နိုင်ငံခြားသား ခရီးသွားများအနက် ဗီဇာပိတ်ပင် စာရင်းဝင်သူများ ပါဝင်ခြင်း ရှိမရှိ စိစစ်သွားရန် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနက ညွှန်ကြားထားသည်။
“ကန့်သတ်စာရင်း ဆိုတာက Black list ခေါ်တာပေါ့ဗျာ။ လဝက (လူဝင်မှုကြီးကြပ်ရေး) မှာ စာရင်းက ရှိပြီးသား။ အဲဒီလူတွေကို ဆိုလိုတာပါ” ဟု နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအုန်းမြင့်က မဇ္စျိမကို ပြောသည်။
လဝက ၏ ဗီဇာ ပိတ်ပင်ခံရသူများ ဖြစ်နေပါက Arrival Visa ရရှိနိုင်မည် မဟုတ်သဖြင့် ခရီးသွား ကုမ္ပဏီများက လဝက ထုတ်ပေးထားသည့် Arrival Visaပုံစံ ၃ စုံအနက် လျှောက်လွှာတစုံကို ရန်ကုန်ရှိ လဝက ရုံးသို့ ၆ ရက် ကြိုတင်၍ ပေးပို့်ရမည်ဖြစ်ကြောင်း ညွန်ကြားစာတွင် ဖော်ပြထားသည်။
Arrival Visa လျှောက်သည့် ခရီးသွားများကို စိစစ်ခြင်းမှာ အဓိကအားဖြင့် နိုင်ငံရေးနှင့် ကင်းရှင်းသူ ဟုတ်မဟုတ် စစ်ဆေးခြင်းသာဖြစ်ကြောင်း Arrival Visaဝန်ဆောင်မှုပေးနေသည့် ရန်ကုန်ရှိ နာမည်ကြီး ခရီးသွားကုမ္ပဏီ တခု၏ ဦးဆောင်ညွှန်ကြားရေးမှူး မဇ္စျိမကို ပြောသည်။
သူက “ကျနော်တို့ ကုမ္ပဏီကနေ ဒီကိုလာမယ့် ဧည့်သည်ရဲ့ ကိုယ်ရေးရာဇဝင် အချက်အလက် အသေးစိတ်ကို လဝက ကို ပို့ပေးဖို့ပေါ့ဗျာ။ အဓိက သူတို့ လိုချင်တာက နိုင်ငံရေး ကင်းရှင်းတဲ့ ဧည့်သည် ဟုတ်မဟုတ် စိစစ်တာပါပဲ။ Black list ဆိုတာက သူတို့ဆီမှာပဲ ရှိတယ်။ confidential (လျှို့ဝှက်) ပေါ့ဗျာ” ဟု ပြောသည်။
မြန်မာပြည်တွင်း ဝင်ရောက်မည့် ဧည့်သည်များအနေဖြင့် မိမိနိုင်ငံရှိ မြန်မာသံရုံးတွင် ဗီဇာကို ကြိုတင်၍ လျှောက်နိုင်သော်လည်း တနိုင်ငံမှ တနိုင်ငံသို့ ဝင်ထွက်လည်ပတ်နေသဖြင့် ကြိုတင်ဗီဇာယူရန် အခက်အခဲ ရှိသူများအနေဖြင့် သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ကြိုတင်ချိတ်ဆက်ထားရန် လိုကြောင်း ခရီးသွား ကုမ္ပဏီတခုမှ ညွှန်ကြားရေးမှူးတဦးက ပြောသည်။
သူက “အရမ်း အလုပ်ရှုပ်လို့ ဗီဇာမယူလာတဲ့သူတော့ ဒီလေယာဉ်ကွင်းမှာ ဆိုက်ရောက်ဗီဇာ ပေးတယ်။ ဒါပေမဲ့ ဒီကို မလာခင်ကတည်းက အဲဒီဧည့်သည်က ကျနော်တို့ ဒီက ကုမ္ပဏီတခုခုနဲ့တော့ ချိတ်ပြီးသား ဖြစ်နေဖို့လိုတယ်။ ကိုယ့်ဧည့်သည်ကို တာဝန်ယူရတဲ့ သဘောပါ” ဟု ပြောသည်။
ယမန်နေ့ထုတ် ဝန်ကြီးဌာန ညွှန်ကြားချက်တွင် ခရီးသွားလုပ်ငန်းရှင်များ ပေးပို့ထားသည့် ဧည့်သည်စာရင်းများကို လဝကရှိ ထောက်ခံစာရင်းတွင် ရှိမရှိကို မြန်မာ့ခရီးသွားလုပ်ငန်းတွင် စုံစမ်းနိုင်ပြီး၊ ထောက်ခံသည့်စာရင်းတွင် မပါရှိသူများအတွက် စောဒကတက်ခြင်း မရှိစေဘဲ သက်ဆိုင်ရာခရီးသည်သို့ Arrival Visa မရရှိကြောင်း ကုမ္ပဏီက ခရီးသည်ကို အကြောင်းကြားရန် ညွှန်ကြားထားသည်။
ထို့အပြင် Arrival Visa စနစ်သည် မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားများ လွယ်ကူသက်သာစွာ လာရောက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ ခရီးသွားကုမ္ပဏီများအနေဖြင့် ဧည့်သည်များအပေါ်မှ ဝန်ဆောင်မှုကြေးများကို အလွန်အမင်း ရယူခြင်းနှင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်ငွေ (ဝင်ငွေ၏ ရ ရာခိုင်နှုန်း) ကို ရှောင်ကြဉ်ခြင်းများ မပြုလုပ်ရန်လည်း ဆိုထားသည်။
အလားတူ “ကုမ္ပဏီများအား နိုင်ငံတနိုင်ငံသည် မိမိနိုင်ငံသို့ နိုင်ငံသားများ ဝင်ရောက်ခြင်းကို လက်ခံခြင်း၊ လာရောက်လိုသည့် ဧည့်သည်အပေါ် အကြောင်းကိစ္စရှိခဲ့ပါက အကြောင်းပြချက်ပေးရန် မလိုအပ်ဘဲ တားမြစ်ပိတ်ပင်နိုင်ခြင်း စသည့် အခွင့်အရေးများ ရှိသည်ကို ကြိုတင်သိထားရန် လိုအပ်ကြောင်း” ကိုပါ ထည့်သွင်းပြောဆိုထားသည်။
Published
Friday, July 31, 2009 - 20:37
ဗီဇာပိတ် စာရင်းဝင်သူများကို စိစစ်ရန် ဝန်ကြီးဌာန ညွှန်ကြား
မြန်မာနိုင်ငံသို့ ခရီးသွားလုပ်ငန်း ကုမ္ပဏီများမှတဆင့် Arrival Visa ခေါ် ဆိုက်ရောက်ဗီဇာ လျှောက်သည့် နိုင်ငံခြားသား ခရီးသွားများအနက် ဗီဇာပိတ်ပင် စာရင်းဝင်သူများ ပါဝင်ခြင်း ရှိမရှိ စိစစ်သွားရန် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနက ညွှန်ကြားထား ...