ဒေါ်စုအမှု ၃၁ ရက်နေ့ အမိန့်ချမည်၊ အဆိုးဆုံးအတွက် ပြင်ထားဟု ဒေါ်စုပြော

ဒေါ်စုအမှု ၃၁ ရက်နေ့ အမိန့်ချမည်၊ အဆိုးဆုံးအတွက် ပြင်ထားဟု ဒေါ်စုပြော
ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမည့်သောကြာနေ့တွင် စီရင်ချက်ချမှာဖြစ်ပြီး၊ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ပြောကြားလိုက် ...

 
နယူးဒေလီ။     ။ ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမည့်သောကြာနေ့တွင် စီရင်ချက်ချမှာဖြစ်ပြီး၊ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ပြောကြားလိုက်သည်။
 
အင်းစိန်ထောင်တွင်း အထူးတရားရုံးက အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံး ကြားနာအပြီး ယခုလ ၃၁ ရက်နေ့တွင် စီရင်ချက်ချမည်ဟု ကြေညာလိုက်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားကြောင်း ပြောကြားလိုက်သည်ဟု သူမရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
 
ရဲက တရားလိုပြုလုပ်စွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် သူ၏ ရှေ့နေများက ပြန်လည်၍ ရှင်းလင်းချေပခြင်းကို ယနေ့တွင် ပြုလုပ်ခဲ့သည်။
 
သွေးစည်းညီညွတ်မှုကို ပြသသည့် အနေဖြင့် အင်းစိန်ထောင်ရှေ့သို့ သူမ၏ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်တိုင်း တွဲဘက်အတွင်းရေးမှူး ဒေါက်တာ မျိုးအောင်၊ ရှေ့နေ ဦးအောင်သိန်း၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ညောင်လေးပင်မြို့နယ် အန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်၊ တွ့ံတေးမြို့မှ ရှေ့နေ ဦးကြင်တိုးတို့ လာရောက်ကြသည်ဟု သိရသည်။
 
ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောဆိုသူသည် သူမ အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ဟုဆိုကာ အာဏာပိုင်များက အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် စွပ်စွဲကာ မေလ ၁၈ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။
 
သူမ၏ ရှေ့နေများက အမေရိကန်နိုင်ငံသားကို သူမက ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်သောကြောင့် အပြစ်မရှိကြောင်းနှင့် နေအိမ်ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသည့် လုံခြံုရေးများသည်သာ ထိုသူကို တားဆီးနိုင်ခြင်း မရှိဘဲ တာဝန်လစ်ဟင်းခဲ့သဖြင့် ထိုသူတို့တွင်သာ တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။
 
သို့သော်လည်း စွပ်စွဲသူ တရားဆိုင်များဘက်က အထိန်းသိမ်းခံထားရစဉ်အတွင်း မည်သူတဦးတယောက်နှင့်မျှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း မပြုလုပ်ရဟူသော တားမြစ်ချက်ကို ချိုးဖောက်သည်ဟုဆိုကာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့သည်ဟု လျှောက်လဲခဲ့သည်။
 
တရားရုံး၏ စီရင်ချက်သည် မည်သို့ဖြစ်မည်ကို မသိရသေးသော်လည်း အကဲခတ်အများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်၍ ဖမ်းဆီးချုပ်နှောင်ရန်အတွက် ထိုဖြစ်ရပ်ကို အသုံးချကာ အကွက်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်ကြသည်။
 
လွန်ခဲ့သည့် နှစ် ၂၀ ခန့်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ၁၄ နှစ်ကြာမျှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။