နယူးဒေလီ (မဇ္စျိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အပြီးသတ် လျှောက်လဲသည့် ဒုတိယမြောက် ယနေ့ တရားခွင်သို့ မြန်မာစစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းဌာနတခုဖြစ်သည့် မြန်မာ့အလင်း သတင်းစာမှ သတင်းထောက်များမှအပ ပုဂ္ဂလိက စာနယ်ဇင်းသမားများ တက်ရောက်ခွင့် မရခဲ့ကြောင်း သိရသည်။
အင်းစိန်ထောင်တွင်း တရားခွင်သို့ ယခင်အပတ် သောကြာနေ့က လာရောက်ခွင့် ရရှိခဲ့သည့် သံရုံး ၅ ရုံး မပါဝင်ဘဲ ကျန်သည့် သံရုံးအချို့မှ သံတမန်များ တက်ရောက်ခွင့်ရခဲ့ပြီး၊ မြန်မာစစ်အစိုးရ၏ သတင်းဌာန မြန်မာ့အလင်းကိုသာ တက်ရောက်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ လျှောက်လဲချက်ပေးရာ ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွဲမှ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမနှင့် မစ္စတာယက်တောတို့ ၃ ဦးအတွက် လျှောက်လဲချက် တင်သွင်းရာ ပြီးပြတ်ခြင်း မရှိသဖြင့် မနက်ဖြန်သို့ ထပ်မံ၍ ရုံးချိန်းခဲ့သည်။
“ဒီနေ့မနက် ၁၀ နာရီမှာ ရုံးစပြီးထိုင်ပါတယ်။ စထိုင်ထိုင်ချင်းကို ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတိုု့ရဲ့ ရှေ့နေအတွက် ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေးပါတယ်။ အဲဒါပြီးတော့ မစ္စတာယက်တောရဲ့ ရှေ့နေ ဦးခင်မောင်ဦး လျှောက်လဲချက်ပေးပါတယ်။ အဲဒီ ၂ ယောက်ပြီးတော့ ခေတ္တ Breakလုပ် တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး “တနာရီက ပြန်စတယ်။ ပြန်စတော့ အစိုးရရှေ့နေက လျှောက်လဲချက်ပေးတယ်။ အဲဒါ ရုံးနားတဲ့ အချိန် ညနေ ၅ နာရီအထိပဲ။ ၅ နာရီမှာ အစိုးရှေ့နေပြီးသွားတော့ တရားရုံးက မနက်ဖြန် ၁ဝ နာရီကို ဆက်ချိန်းတယ်။ မနက်ဖြန် ၁ဝ နာရီမှာ ကျန်တဲ့လျှောက်လဲချက်တွေ ဆက်ပေးရဦးမယ်” ဟု ပြောသည်။
သူတို့ လျှောက်လဲခွင့် ရသည့်အချိန်သည် အစိုးရရှေ့နေ ဦးမြင့်ကြိုင်အတွက် ရရှိသည့် အချိန်ထက် နည်းခဲ့သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
အစိုးရရှေ့နေက ဒေါ်စုသည် စည်းကမ်းဖောက်ဖျက်သဖြင့် ပြစ်မှုကျူးလွန်ကြောင်းနှင့် ၁၉၇၄ ခု အခြေခံဥပဒေသည် အသက်ရှိသေးသဖြင့် ယခုကဲ့သို့ အမှုစွဲဆိုခြင်းသည် တရားဝင်ကြောင်း လျှောက်ခဲ့သည်။
ယခုလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ သက်သေတဦးဖြစ်သူ ဒေါ်ခင်မိုးမိုးက ၁၉၇၄ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာသက်ရောက်မှု မရှိတော့သဖြင့် ဤ ၁၉၇၄ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းထားသော ဥပဒေဖြင့် တရားစွဲဆိုခြင်း မပြုနိုင်ကြောင်း ခုခံချေပထွက်ဆိုခဲ့သည်။
ယခုလ ၂၃ ရက် မြန်မာ့အလင်း သတင်းစာတွင် ဒေါ်စုအား ပြစ်မှုကျူးလွန်သဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ရေးသား ဖော်ပြထားခြင်းသည် တရားရုံး ဂုဏ်သိက္ခာအား “ကျဆင်း” စေသည်ဟု တရားရုံးသို့ ယနေ့ လျှောက်လဲခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
“ပြစ်မှုကျူးလွန်ခြင်း ရှိ၊ မရှိ တရားရုံးက မဆုံးဖြတ်ရသေးဘူး။ ဒီအခြေအနေမှာ သူတို့ ဒီလို ရေးတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တရားရုံးကို လျှောက်တယ်။ (၁) တရားရုံးရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်။ (၂) တရားရုံးကို လွှမ်းမိုးချင်တဲ့ သဘောဖြစ်တယ်။ (၃) ဒေါ်အောင်ဆန်းစုကြည်က တရားရုံးရဲ့ အကာအကွယ်ကို မရဘူးဖြစ်နေတယ်လို့ ကျနော်တို့ လျှောက်ပါတယ်” ဟု သူက ပြောသည်။
၂၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအရေး ဆောင်ရွက်သောကြောင့် “နိုင်ငံရေးပြစ်မှု” ဖြင့် အရေးယူခံရခြင်း မဟုတ်ဘဲ “တည်ဆဲဥပဒေတရပ်” အား “ဖောက်ဖျက်ကျူးလွန်” သောကြောင့် တရားရင်ဆိုင်နေရသူ ဖြစ်သည်ဟု ဖော်ပြထားသည်။
အဆိုပါ လျှောက်လဲချက်အတွက် တရားရုံးက ယနေ့ မည်သို့မျှ တုံ့ပြန်ခြင်း မရှိကြောင်း သိရသည်။
မနက်ဖြန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက အစိုးရရှေ့နေ၏ လျှောက်လဲချက်များနှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းချေပမည်ဖြစ်သည်။
မစ္စတာယက်တော ရင်ဆိုင်နေရသည့် စည်ပင်ယာသာဥပဒေနှင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေတို့ဖြင့် စွဲချက်တင်ထားမှုအတွက် ၎င်း၏ ရှေ့နေကလည်း လျှောက်လဲဦးမည်ဖြစ်သည်။
Published
Monday, July 27, 2009 - 23:06
ဒေါ်စုအမှု တရားခွင်သို့ မြန်မာ့အလင်းသာ ဝင်ရောက်ခွင့်ရ
ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အပြီးသတ် လျှောက်လဲသည့် ဒုတိယမြောက် ယနေ့ တရားခွင်သို့ မြန်မာစစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းဌာနတခုဖြစ်သည့် မြန်မာ့အလင်း သတင်းစာမှ သတင်းထောက်များမှအပ ပုဂ္ဂလိက စာနယ်ဇင်းသမားများ တက်ရောက်ခွင့် မရ ...