နျူကလီးယားအရေး မြန်မာက ရုရှနှင့် ဆွေးနွေး

နျူကလီးယားအရေး မြန်မာက ရုရှနှင့် ဆွေးနွေး
by -
ကိုဝိုင်း
နအဖ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ၂ဝဝ၆ ခု ရုရှခရီးစဉ်အတွင်း ရုရှဝန်ကြီးချုပ်နှင့် ဆွေးနွေးရာ၌ မဂ္ဂါဝပ် ၁၀ သန်း ထုတ်လုပ်နိုင်သော နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး အစီအစဉ် ပါဝင်ခဲ့ကြောင်း သိရ ...

ချင်းမိုင် (မဇ္စျိမ)။     ။ နအဖ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ၂ဝဝ၆ ခု ရုရှခရီးစဉ်အတွင်း ရုရှဝန်ကြီးချုပ်နှင့် ဆွေးနွေးရာ၌ မဂ္ဂါဝပ် ၁၀ သန်း ထုတ်လုပ်နိုင်သော နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး အစီအစဉ် ပါဝင်ခဲ့ကြောင်း သိရသည်။
 
နအဖ ဒုဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့၏ ပြည်ပ ခရီးစဉ်များနှင့် ပတ်သက်၍ မကြာသေးခင်က ပေါက်ကြားခဲ့သည့် လျှို့ဝှက် အစီရင်ခံစာများအရ လေ့လာ သိရှိရခြင်း ဖြစ်သည်။
 
ထိုခရီးစဉ်များသည် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး အပါအဝင် စစ်ဖက်ရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို အဓိကထားကြောင်း မဇ္ဈိမက ဖတ်ရှုခွင့်ရသည့် အစီရင်ခံစာများတွင် တွေ့ရှိရသည်။
 
ရုရှဝန်ကြီးချုပ် မစ္စတာ မီခေးလ်ဖရက်ကော့ဗ် ဖိတ်ကြားချက်အရ သွားရောက်ခဲ့သည့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ဦးဆောင်သော လူဦးရေ ၆၀ ပါ အဖွဲ့၏ ၂၀၀၆ ခု ဧပြီလ ၂-၆ ရက်နေ့ ရုရှား ခရီးစဉ်တွင် ဝန်ကြီးချုပ်အပြင် ရုရှစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘယ်လ်လူယက်ဗ်စကီး၊ ရေနှင့် လေတပ်ဦးစီးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီး၊ စက်မှုလုပ်ငန်းများ ဖြစ်ထွန်းနေသော စိန့်ပီတာစဘတ်မြို့ ဒုအုပ်ချုပ်ရေးမှူးတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
 
အဆိုပါ ဆွေးနွေးမှုများမှ “အထူးတင်ပြချက်” အဖြစ် မဂ္ဂါဝပ် ၁၀ သန်း ထုတ်လုပ်နိုင်သော နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး၊ ရုရှတွင် ရောက်ရှိနေသော မြန်မာ သင်တန်းသားများအား နျူကလီးယား သိပ္ပံ ဘာသာရပ်များနှင့် အာကာသ  နည်းပညာများ ဆက်လက်သင်ကြားပေးရေးတို့အတွက် ရုရှထံမှ အမခံချက်များ တစုံတရာ ရရှိခဲ့ကြသည်။
 
ထို့အပြင် ရုရှနိုင်ငံလုပ် MIG 29၊ MI 17 တိုက်လေယာဉ်များ တိုးချဲ့ဝယ်ယူရေး၊ Guided Missile (အဝေးထိန်း ဒုံးကျည်) ထုတ်လုပ်ရန် နည်းပညာ သင်ယူနိုင်ရေး၊ သင်္ဘောများ ဝယ်ယူနိုင်ရေးတို့အတွက်လည်း အမခံချက်များ ရရှိခဲ့သည်။
 
နိုင်ငံရေးအားဖြင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံများက စစ်အစိုးရအား လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် စွပ်စွဲပြီး ကုလသမဂ္ဂ လုံခြံုရေးကောင်စီတွင် တင်သွင်းရန် ကြိုးစားနေသည်ကို ရုရှက အကာအကွယ် ပေးထားသကဲ့သို့ မြန်မာ စစ်အစိုးရကလည်း အာဆီယံ-ရုရှ ပိုမို ပူးပေါင်းဆောင်ရွက်ရေးအတွက် “လှိုက်လှဲစွာ ကြိုဆိုထောက်ခံ” သွားမည် ဖြစ်ကြောင်းနှင့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးတွင် ရုရှနိုင်ငံ အဖွဲ့ဝင်ဖြစ်ရေးအတွက် စစ်အစိုးရက အပြည့်အဝ ထောက်ခံမည်ဖြစ်ကြောင်း ကတိပြုခဲ့သေးသည်။
 
ထို့အပြင် ရုရှ ကြည်းတပ် ဒုဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး Evnevich Valery G အဖွဲ့က ဒုဗိုလ်ချုပ်ကြီးမောင်အေး ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ အတွင်းက လာရောက်တွေ့ဆုံခဲ့သော ခရီးစဉ်မှတ်တမ်းလည်း ပေါက်ကြားခဲ့သည်။
 
ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကြီးရွှေမန်း အပါအဝင်၊ နအဖ အတွင်းရေးမှူး (၁)၊ ဒုတိယဝန်ကြီး (ကာကွယ်ရေးဝန်ကြီးဌာန) ဗိုလ်ချုပ်အေးမြင့်၊ လေနှင့် ရေ ကာကွယ်ရေးဦးစီးချုပ်များ တက်ရောက်ကြသည်ကို ဖတ်ရှုရသည်။
 
မြန်မာဘက်မှ ဒုတိယဝန်ကြီး (ကာကွယ်ရေးဝန်ကြီးဌာန) ဗိုလ်ချုပ်အေးမြင့် ဦးဆောင်သော အဖွဲ့နှင့် ရုရှဘက်မှ တာဝန်ရှိသူများက ပူးပေါင်း၍ “နှစ်နိုင်ငံ စစ်ဖက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့” ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ထိုအစီရင်ခံစာထဲတွင် ဆိုထားသည်။
 
အလားတူပင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်ပြီး တပ်မတော်အဆင့်မြင့် ကိုယ်စားလှယ်များ၏ တရုတ်နိုင်ငံမှတဆင့် သွားရောက်ခဲ့သော မြောက်ကိုရီးယားခရီးစဉ် လျှို့ဝှက် အစီရင်ခံစာလည်း ပေါက်ကြားခဲ့သည်။
 
အဆိုပါ အစီရင်ခံစာအရ နှစ်နိုင်ငံ တပ်မတော်တို့သည် စစ်ဖက်ဆိုင်ရာ ပညာရပ်များ သင်ကြားရေးနှင့် လေ့ကျင့်ရေးတို့တွင် ပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်ပြီး မြောက်ကိုရီးယား တပ်မတော်က မြန်မာနိုင်ငံတွင် လေယာဉ်နှင့် သင်္ဘောများထားရှိမည့် ဥမင်လှိုဏ်ခေါင်းများ အပါအဝင် မြေအောက် အဆောက်အဦများ ဆောက်လုပ်ရေးအတွက် အကူအညီပေးသွားရန် သဘောတူညီမှုများ ရရှိခဲ့သည်။
 
မြောက်ကိုရီးယားနိုင်ငံမှ သူလျှိူများက ၁၉၈၃ ခုတွင် ရန်ကုန်သို့ လာရောက်လည်ပတ်သည့် တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်အား လုပ်ကြံရန် ကြိုးစားခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံ အဆက်အသွယ် ပြတ်တောက်ခဲ့သော်လည်း ၂၀၀၇ ခုတွင် သံတမန် ပြန်လည်ဆက်သွယ်ခဲ့ကြသည်။
 
ရုရှနှင့် မြန်မာ သံတမန်ဆက်သွယ်ရေးမှာမူ နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
 
မြောက်ကိုရီးယားသည် နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှုများ၊ တာဝေးပစ်ဒုံးကျည် ပစ်ခတ် စမ်းသပ်မှုများကြောင့်  အာရှဒေသအတွင်းနှင့် အနောက်နိုင်ငံများ၏ လုံခြံုရေးကို ခြိမ်းခြောက်နေကြောင်း အမေရိကန်အပါအဝင် ဥရောပနိုင်ငံ တချို့က စွပ်စွဲပြောဆိုနေကြသည်။