မြန်မာနိုင်ငံအတွင်းသို့ စီးပွားရေး စျေးကွက်တစ်ခုအဖြစ် ဆားတင်သွင်း နေမှုကို ဇွန်လဆန်းပိုင်းအတွင်းဆားအဝယ်ဒိုင်တို့က စျေးလျော့ဝယ်ယူခြင်းကြောင့် ကုန်သည်တို့က ဆားတင်သွင်းမှုကို ခတ္တခဏ ရပ်နားထားသည်ဟု ဆားကုန်သည်တို့၏ ပြောပြချက်အရ သိရသည်။
ထိုင်းနိုင်ငံမှ ကုန်တင်ကားများဖြင့် နယ်စပ်ဖြစ်သည့် မြဝတီမြို့မှ တင်သွင်းနေမှုကို လွန်ခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက ကုန်သည်များ စီးပွားရေးစျေးကွက်တစ်ခုအဖြစ် စတင်လုပ်ကိုင်လာပြီး၊ ဇွန်လဆန်းပိုင်းမှစကာ ဆားစျေးကြောင့် အမြတ်အနည်းငယ်သာရသည့် ကုန်သည်တို့က ဆားတင်သွင်းမှုကို ရပ်နားထားသည်။
“ဒီလမှာ ဆားတင်သွင်းတာ နားထားရတယ်၊ အရောင်းအဝယ်လည်းအေးသွားပြီး၊ လွန်ခဲ့တဲ့ ဧပြီလတုန်းကဆိုရင် အရောင်းအဝယ်တော်တော်အဆင်ပြေတယ်၊ အမြတ်လည်း များတယ်၊ အခုတော့ တွက်ခြေမကိုက်တော့ဘူး” ဟု မြဝတီမှ ဆားကုန်သည်တစ်ဦးက ပြောသည်။
ယခုလို မိုးရာသီကျရောက်လာသည့်အတွက် ထိုင်းနိုင်ငံမှ ဝင်လာသည့်ဆားများကိုထိန်းချုပ်ဝယ်ယူနေသည့် ကုန်သည်တို့ အရောင်းအဝယ်နည်းပါးလာခြင်းသည် ဆားများ မိုးရေကြောင့် အရည်ပျော်သွားမည်ကို စိုးရိမ်ခြင်းနှင့် မိုးဦးမကျခင်က သိုလှောင်ထား သည့်ဆားများကို ယခုမိုးရာသီအတွင်း ပြန်လည်ရောင်းချခြင်းတို့ကြောင့် ယခုလို ဆားအရောင်းဝယ်ပါးသွားသည်ဟုမော်လမြိုင်မှာ ဆားတင်သွင်းနေသည့် ကုန်သည်များ ပြောပြချက်အရ သိရသည်။
မြန်မာနိုင်ငံမှ ဆားအဝယ်ဒိုင်တို့၏ အရောင်အဝယ်ပါးလာပြီး၊ စျေးနှုန်းလည်း လျော့ကျလာသည့်အတွက် မြဝတီမှ ဆားတင်သွင်းနေသည့် ကုန်သည်များ အမြတ်နည်းလာခြင်းကြောင့် ဆားအတင်အချကို ခေတ္တခဏ ရပ်နားထားရသည်ဟု ကုန်သည်တို့က ပြောသည်။
ဇွန်လမတိုင်ခင်က ဆားတစ်အိတ်လျင် ထိုင်းဘတ်ငွေ (၁၂၀) အားလုံးတွက်လိုက်လျင် (၅၅၀၀) ကျပ်ကျသည်ကို မော်လမြိုင် အဝယ်ဒိုင်လက်ထဲမှာ (၇၅၀၀) ကျပ်ဖြင့် ပေါက်စျေးရရှိသည်။ ဇွန်လအတွင်းမှာ မြဝတီမှ ဝယ်ယူရသည့်စျေးသည် အရင်တိုင်းသာဖြစ်ပြီး အဝယ်ဒိုင်တွေက (၅၀၀၀) ကျပ်ဖြင့်သာ ဝယ်ယူသည့်အတွက် ကုန်သည်များ အမြတ်နည်းကာ ခတ္တခဏ ရပ်ဆိုင်းထားရသည်။
“အရင်ကဆို ဆားတခါချရင် အမြတ်အများကြီးရတယ်၊ ဆားလိုချင်တဲ့ အဝယ်ဒိုင်တွေ ကလည်းများတယ်၊ အခုကျတော့ သူတို့က စျေးလျော့ဝယ်တော့ ကုန်သည်တွေလည်း မချချင်ကြတော့ဘူး၊ ဟိုကနေ မှာရင်လည်း နည်းနည်းပဲ လိုချင်တယ်၊ အဲဒါဆို တွက်ခြေမကိုက်တော့ဘူး” ၄င်းကုန်သည်က ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီလလောက်က ထိုင်းနိုင်ငံ မြဝတီမြို့မှ မြန်မာနိုင်ငံသို့ ဆားတင်သွင်းမှုသည် တစ်ကြိမ်သွင်းလျင် ဆယ်ဘီးကာဖြင့် အစီး (၁၀၀) တင်သွင်းနေသည်။
“ကျနော်တို့သွင်းတာသိပ်မများဘူး၊ တခါဆိုရင် (၃) ကားသွင်းတယ်၊ ကားတစ်စီးမှာ ဆားအိတ် (၇၀၀) လောက်တင်တယ်၊ အမြတ်တော်တော်များတယ်၊ အဲဒီတုန်းကဆိုရင် အဝယ်ဒိုင်တွေကလည်း လိုတယ်၊ ကျနော်ကတော့ မော်လမြိုင်မှာပဲသွင်းတာ တချို့ဆိုရင် ရန်ကုန်၊ မန္တလေး အထက်မြန်မာပြည်ထိသွင်းတာ။ အခုတော့ သွင်းရမယ့်ဒိုင်တွေက ဆားဝယ်တာကို ငြိမ်နေတယ်၊ စျေးလည်းမကောင်းဘူး၊ ကျနော်တို့ နားထားရတာပေါ့၊ တကယ်လို့ပြန်လိုရင် ပြန်သွင်းမှာပေါ့” ဟု မော်လမြိုင်မြို့၌ ဆားတင်သွင်းနေသည့် ကုန်သည်တစ်ဦးက ပြောသည်။
လွန်ခဲ့သည့် ၂၀၀၈ မေလတွင် တိုက်ခတ်သွားသည့်နာဂစ်မုန်းတိုင်ကြောင့် မြန်မာနိုင်ငံတွင် အဓိကဆားလုပ်ကိုင်ရာ ဒေသဖြစ်သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတို့မှ ဆားကွင်းများပျက်ဆီးဆုံးရှုံးသွားပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဆားစျေးများ အဆမတန် မြင့်တက် သွားသည်။
ဆားသုံးစွဲသူတွေလည်း မြန်မာပြည်က ထွက်သည့်ဆားထက် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ဆားကိုသာ ပိုမိုကြိုက်နှစ်သက်ကြသည်ဟု ဒေသခံတို့၏ ပြောပြချက်အရသိရသည်။
“ကျမတို့အိမ်က ထိုင်းကလာတဲ့ဆားပဲ သုံးနေတယ်၊ အဲဒီဆားက သုံးလို့ကောင်းတယ်၊ဟင်းချက်ရာမှာလည်း စားလို့ကောင်းတယ်၊ အရောင်လည်းသန့်တယ်၊ ကျမတို့ သုံးနေကျ ဥပမာ အိုင်အိုဒင်ဆားတို့လိုမဟုတ်ဘူး” ဟု မုဒုံမြို့မှ အိမ်ရှင်မတစ်ဦးက ပြောသည်။