ကရင်ပြည်နယ်၊ သံလွင်မြစ်အတွင်း တည်ဆောက်မည့် ရေကာတာစီမံကိန်းနှင့် ပတ်သက်ပြီး ကရင်မြစ်ချောင်း များ စောင့်ကြည့်ရေးအဖွဲ့မှ မြစ်ချောင်းသုတေသန တာဝန်ခံ စောသာဘိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

ကရင်ပြည်နယ်၊ သံလွင်မြစ်အတွင်း တည်ဆောက်မည့် ရေကာတာစီမံကိန်းနှင့် ပတ်သက်ပြီး ကရင်မြစ်ချောင်း များ စောင့်ကြည့်ရေးအဖွဲ့မှ မြစ်ချောင်းသုတေသန တာဝန်ခံ စောသာဘိုးနှင့် တွေ့ဆုံမေးမြန်းခြင်း
by -
ကေအိုင်စီ

ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ (Karen Rivers Watch)ဟာ ကရင်လူမှုအဖွဲ့အစည်း ၆ဖွဲ့မှ စုပေါင်းပြီး လွန်ခဲ့တဲ့ ၁၀နှစ်လောက်က စတင်ဖွဲ့စည်းထားတာဖြစ်တယ်။ ဖွဲ့စည်းရခြင်းရဲ့ အဓိကရည်ရွယ် ချက်ကတော့ သံလွင်မြစ်ပေါ်မှာ ရေကာတာ တည်ဆောက်ခြင်းအားဖြင့် ဒေသခံတွေ နစ်နာနိုင်တဲ့အတွက် သံလွင်မြစ်နှင့် ပတ်သက်ပြီး သုတေသနလုပ်ကာ ဒေသခံတွေကို လိုက်လံရှင်းလင်းပညာပေးရန်တို့ဖြစ်ပါတယ်။

ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့၏ သမိုင်းအကျဉ်း

ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ (Karen Rivers Watch)ဟာ ကရင်လူမှုအဖွဲ့အစည်း ၆ဖွဲ့မှ စုပေါင်းပြီး လွန်ခဲ့တဲ့ ၁၀နှစ်လောက်က စတင်ဖွဲ့စည်းထားတာဖြစ်တယ်။ ဖွဲ့စည်းရခြင်းရဲ့ အဓိကရည်ရွယ် ချက်ကတော့ သံလွင်မြစ်ပေါ်မှာ ရေကာတာ တည်ဆောက်ခြင်းအားဖြင့် ဒေသခံတွေ နစ်နာနိုင်တဲ့အတွက် သံလွင်မြစ်နှင့် ပတ်သက်ပြီး သုတေသနလုပ်ကာ ဒေသခံတွေကို လိုက်လံရှင်းလင်းပညာပေးရန်တို့ဖြစ်ပါတယ်။

Tha Bow

လက်ရှိအဖွဲ့က လုပ်ဆောင်နေတဲ့ အလုပ်တွေကို ရှင်းပြပေးပါ။

လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့အနေအထားအရ ၂၀၁၃ခုနှစ်မှာ အစိုးရရဲ့တရားဝင်ကြေငြာချက်အရ သံလွင်မြစ်ပေါ်မှာ ရေကာတာ ၆ခု ဆောက်ဖို့ရှိတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်မှာ ၃ခု ကွမ်းလုံရယ်၊ နောင်ဖ ရယ်၊ တာဆန်းရယ် ပြီးတော့ ကယားပြည်နယ်မှာတော့ ရွာသစ်စီမံကိန်း၊ ကရင်ပြည်နယ်မှာတော့ ဟတ်ကြီး စီမံကိန်းရယ် ထွက်ပေါ်လာတယ်။ ဒီလိုဖြစ်ပေါ်တဲ့အခါ ကုမ္ပဏီက ဒေသခံတွေကို ဘာမှရှင်းရှင်းလင်း လင်း ပြောပြတာတွေ မရှိခဲ့ဘူး။ အစိုးရအနေနဲ့လည်း ဘာမှမပြောပြဘူး။ ကျနော်တို့က ဒီစီမံကိန်း ဖြစ်ပေါ်လာရင် ဒေသခံတွေအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိလာနိုင်မလဲ၊ ဘာဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်မလဲ၊  ဒီသံလွင်မြစ်မှာ ဘာတွေ တန်ဖိုးရှိသလဲဆိုတာတွေကို ဒေသခံတွေ သိအောင် ကျနော်တို့က သုတေသနပြုပြီး သတင်းအချက်အလက်တွေကို လိုက်လံအသိပေးပါတယ်။

သံလွင်မြစ်နှင့် ပတ်သက်ပြီး KRW အနေနဲ့ ဘာတွေကို သုတေသနပြုထားလဲ။ တွေ့ရှိချက်တွေကို ပြောပြပေးပါ။

ကျနော်တို့ သုတေသနလုပ်ဆောင်တဲ့ အခန်းကဏ္ဍတွေ အများကြီးရှိပါတယ်။ သံလွင်မြစ်မှာ ငါးမျိုးစိတ်တွေ သုတေသန လုပ်ဆောင်တာရှိတယ်။ မြစ်အောက်ပိုင်းမှာ ဘာတွေထိခိုက်နိုင်သလဲဆိုတာ ရှာဖွေလုပ်ဆောင်တာရှိတယ်။ အထူးသဖြင့် ကျနော်တို့လုပ်ဆောင်နေတဲ့ Project က မပြီးသေးပါဘူး။ လုပ်နေုတုန်းမှာ အခုရရှိလာတာကတော့ မြစ်ရဲ့အောက်ပိုင်းမှာ ငါးမျိုးစိတ်ပေါင်း ၉၀ကျော်ကို ကျနော်တို့ တွေ့ရှိထားပါတယ်။ နောက်တစ်နှစ် ထပ်လုပ်နိုင်ရင်တော့ ဒီထက် ထပ်တွေ့နိုင်ပါသေးတယ်။ ကျနော်တို့က နေရာစုံ မလုပ်ဆောင်နိုင် သေးဘူး။ နောက်တစ်ခုကတော့ သံလွင်မြစ်မှာနေထိုင်တဲ့ လူတွေရဲ့ အလုပ်အကိုင်တွေကို သုတေသနတွေ့ရှိ ချက်ကတော့ ဟတ်ကြီးစီမံကိန်းနေရာကစပြီး မြစ်ရဲ့အထက်မှာနေကြ တဲ့ လူတွေက ရာသီအလိုက် တောထွက်သီးနှံတွေကို ထူးထူးထွေထွေ စိုက်စရာသိပ်မလိုပဲနဲ့ စားသုံးနိုင်ပါတယ်။ မြစ်ရဲ့အောက်ပိုင်းမှာ နှစ်စဉ်နှစ်တိုင်း မြစ်ရဲ့နှုံးမြေတွေကြောင့် ပဲ၊ နှမ်း၊ ပြောင်း၊ ကြံ နဲ့ အသီးအရွက်တို့ စိုက်ပျိုးပြီးတော့ မှီခိုစားသောက်နေရပါတယ်။ ပြောရမယ်ဆိုရင် ဒေသခံတွေဟာ သံလွင်မြစ်က ဖန်းတီးပေးထားတဲ့ သူတို့ရဲ့ဝင်ငွေတွေဟာ လုံလောက်နေတယ်ဆိုတာကို ပြောချင်ပါတယ်။

သံလွင်မြစ်မှာ ရေကာတာ တည်ဆောက်လိုက်ခြင်းအားဖြင့် ဒေသခံတွေအတွက် ကောင်းကျိုး၊ ဆိုးကျိုး ဘာတွေ ရရှိနိုင်မလဲဆိုတာ ရှင်ပြပေးပါဦး။

ဒေသခံတွေအတွက်တော့ ဆိုးကျိုးအများကြီးခံစားရမှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ရေကာတာ စီမံကိန်းကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ အချိန်မရွေးဖြစ်ပေါ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကရင်လက်နက် ကိုင်ဖြစ်တဲ့ KNU(ကရင်အမျိုးသား အစည်းအရုံး)၊ DKBA (ဒီမိုကရေစီ အကျိုးပြု ကရင့်တပ် မတော်) တွေရှိတယ်၊ BGF ခေါ်တဲ့ အစိုးရ နယ်ကြားစောင့်တပ်လည်းရှိတယ်။ အစိုးရတပ်တွေလည်း ရှိတယ်။ လွန်ခဲ့တဲ့ ၃လလောက်က ဒီဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေသေးတယ်။ ဒေသ ခံတွေ တော်တော်များများ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ထွက်ပြေးကြတော့ သူတို့ကို ကူညီမယ့် သူမရှိဘူး။ ဒါတောင် ရေကာတာတည်ဆောက်ဖို့ မစရသေးဘူး။ အကယ်၍ ရေကာတာ ဆောက်ဖြစ်မယ်ဆို ရင် မြစ်ရဲ့အထက်ပိုင်းမှာရှိတဲ့ ရေတွေအများကြီးလွှမ်းသွားမယ်။ ဘာကြောင့်လဲဆိုတော့ ဒီဟတ်ကြီးရေ ကာတာ တည်ဆောက်မယ့်အမြင့်ကတော့ ၁၁၇မီတာလောက်ရှိတယ်။ ရေဖြည့်ဖို့ကတော့ ၁၁၀ မီတာလောက် လိုတယ်။ အဲဒီရေအမြင့်က ဘယ်လောက်ရေလွမ်းနိုင်မလဲဆိုတာ ကယားပြည်နယ် ဖားဆောင်း အထိရောက် မယ်။ ဒီတော့ မြစ်အထက်ပိုင်းမှာ ရေတွေအားလုံးမြှပ်သွားမယ်။ လူတွေ ပြောင်းရွေ့ကြရမယ်။ ဒီလူတွေက နေရာသစ်မှာ ဘယ်လိုမှ ရပ်တည်ဖို့ မလွယ်ဘူး။ ရေမြှပ်တော့ သစ်တောတွေလည်း မြှပ် မယ်။ ရေမြှပ်တဲ့သစ်တောတွေက ပုပ်ဆွေးပြီး မီသိမ်း(Methane)တွေဖြစ်လာမယ်။ လက်ရှိကမ္ဘာကြီးပူနွေး လာမှုကို ကျနော်တို့ တွန်းအားပေးနေသလို ဖြစ်နေ မယ်။ သစ်တောဖြုန်းတီးခြင်းဖြင့် သစ်တောကို မှီခိုနေတဲ့ ဇီဝမျိုးကွဲတွေ ပျောက်ဆုံးသွားမယ်။

နောက်တစ်ခု ကျနော်တို့စိုးရိမ်တာက ဒီသံလွင် ဟတ်ကြီးစီမံကိန်းအနီးမှာ ငလျင်ကြောရှိတယ်။ ရေရဲ့ အလေးချိန်က ငလျင်လှုပ်ဖို့ တွန်းအားပေးနေသလိုမျိုးဖြစ်နေတယ်။ ငလျင်လှုပ်လို့ရှိရင် ရေကာတာက ပြိုသွားနိုင်ပါတယ်။ ပြိုရင် မြစ်အောက်ပိုင်းမှာနေတဲ့ လူတွေက မိနစ်ပိုင်းမှာ အားလုံးသေသွားနိုင်ပါ တယ်။ မြစ်အောက်ပိုင်းမှာ နှုံးမြေတွေ မပို့ချတော့  စိုက်ပျိုးရေးတွေ ထိခိုက်လာမယ်။ ပင်လယ်ဒီရေတွေလည်း တိုးဝင်လာလိမ့်မယ်။ ဆားငံရေတွေပေါက်မယ်။ ရေချိုတွေ ကျနော်တို့ ဆုံးရှုံးသွားမယ်။ မော်လမြိုင်၊ ဘားအံ၊ ဘီလူးကျွန်းတို့လို လူဦးရေက ၁၀သိန်းမကရှိတယ်။ ရေချိုပြဿနာဖြစ်ပေါ်ပြီး အကြီးအကျယ် ဒုက္ခရောက် သွားလိမ့်မယ်။ အစိုးရက အဲဒါတွေကို ကြိုတင်ပြင်ဆင်ထားမှုတွေ ဘာမှမရှိဘူး။ အဲဒီပြဿနာတွေကြောင့် လူတွေမှာ အချင်းချင်းပဋိ ပက္ခတွေဖြစ်လာမယ်။ အဲဒါက ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေဖြစ်ပါတယ်။

ဒါဆိုရင် ရေကာတာစီမံကိန်းကြောင့် ဘယ်သူကအကျိုးရရှိမယ်လို ့ထင်သလဲ ဆက်ပြောပြပါဦး။

တကယ်တမ်းတော့ မြန်မာနိုင်ငံအတွက်တော့ အကျိုးရရှိတာက အရမ်းနည်းနေတယ်။ ဘာကြောင့်လဲဆိုတော့ ရေကာတာကနေ ရရှိလာတဲ့ အကျိုးအမြတ်ကတော့ ၉၀ရာခိုင်နှုန်းမှာ ထိုင်းနဲ့တရုတ်ကို ပို့ပေးမယ်။ ၁၀ရာနှုန်းကို မြန်မာပြည်အတွက် ပြန်ပေးမယ်။ အဲဒီ ၁၀ရာနှုန်းတောင်မှ ကုမ္မဏီနဲ့အစိုးရက ယူဦးမယ်။ ဒေသခံအတွက်တော့ ဘယ်လောက် အကျိုးရရှိမလဲဆိုတာ မပြောတတ်သေးဘူး။ ပြောချင်တာက သူများက ၉၀၊ ကိုယ်က ၁၀ ရာခိုင်နှုန်းပဲဆိုတော့ ဒုက္ခရောက်ရင် ကျနော်တို့ပဲ အရင်ရောက်မယ်ဆိုတော့ အစိုးရအနေနဲ့ မလုပ်သင့်ဘူးလို့ပဲ ကျနော်မြင်တယ်။

ငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့အချိန်မှာ အခုလိုမျိုးအကြီးစား စီမံကိန်းတွေ တိုင်းရင်းသားဒေသမှာ လာလုပ်တော့ ငြိမ်းချမ်းရေးအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်ပါသလဲ။  

ငြိမ်းချမ်းရေးကို အရမ်းအဟန့်အတားဖြစ်လာနိုင်ပါတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်တယ်ပြောပြီးတော့မှ တစ်ဘက်မှာတော့ ရေကာတာတည်ဆောက်ဖို့အတွက် စစ်အင်အားတွေ တိုးချဲ့တာရှိတယ်။ တိုးချဲ့တော့ ဒီနေရာမှာ ပဋိပက္ခဖြစ်ပေါ်လာနိုင်ပြီး ငြိမ်းချမ်းရေးတွေ ထိခိုက်လာနိုင်ပါတယ်။

ဖွံ့ဖြိုးဆဲဖြစ်တဲ့ မြန်မာနိုင်ငံအတွက် လျှပ်စစ်စွမ်းအင်က မရှိမဖြစ်အလွန်အရေးကြီးနေပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေး အတွက် ဘယ်လိုအကြံပြုနိုင်မလဲ။

ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လိုအနက် ဖွင့်ဆိုမလဲ။ စက်မှုတို့ နည်းပညာတို့ တိုးတက်တာကို ဖွံ့ဖြိုးရေးလားပေါ့။ ကျနော်တို့နိုင်ငံမှာ ပညာရေး၊ ကျန်းမာရေးတို့က လိုအပ်နေပါတယ်။ ဒါတွေကို ကျနော်က ဖွွံ့ဖြိုးရေးလို့ပဲ မြင်ပါတယ်။ အကြီးစားစီမံကိန်းအတွက် ကျနော်တို့က လျှပ်စစ်စွမ်းအင်ကိုလိုအပ်တယ်။ ကဲ ကျနော်တို့ တစ်နိုင်ငံလုံး သုံးဖို့အတွက် လျှပ်စစ်က မီကာဝပ် ၃ထောင်ကျော်ပဲ လိုတယ်။ ကျနော်တို့နိုင်ငံရဲ့ အလယ်ပိုင်းတို့လိုမျိုး နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး မီကာဝပ် ထောင်ဂဏန်းအထိ ရနိုင်ပါတယ်။ နောက်တစ်ခုကတော့ သူများနိုင်ငံကို ရောင်းစားနေတဲ့ သဘာဝဓါတ်ငွေ့တို့ကို အသုံးပြုပြီး ကျနော်တို့နိုင်ငံအတွက် လုံလုံလောက်လောက် လျှပ်စစ်ဓါတ်အားကိုသုံးလို့ရတယ်။

ဒီရေကာတာစီမံကိန်းကို ဒေသခံတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံး လက်မခံဘူးဆိုတာ တွေ့ရတယ်။ ဟတ်ကြီးစီမံကိန်းရဲ့ နောက်ဆုံးအခြေနေက ဘယ်လိုရှိပါသေးသလဲ။

ဟတ်ကြီးစီမံကိန်းကိုတော့ လက်ရှိမှာ ဆောက်ဖို့ သူတို့ကြိုးစားနေတုန်းပဲ။ လာမယ့် ၂၀၁၆လောက်မှာ သူတို့ ဆောက်တော့မယ်လို့တော့ ကျနော်တို့ကြားနေရတယ်၊ ဒေသခံတွေလည်း လက်မခံဘူးဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း တကယ်လို့ ဟတ်ကြီးကို လာဆောက်မယ်ဆိုရင်တော့ သူတို့က ပစ်မယ်လို့လည်း ကြားရတယ်။ ကျနော်စိုးရိမ်းမှုကတော့ ပဋိပက္ခ ပိုကြီးထွားလာနိုင်တယ်။ မဆောက်သင့်သေး ဘူးလို့တော့ မြင်တယ်။

သံလွင်မြစ်ပေါ် ကရင်အပါအဝင် ရှမ်း၊ ကယားတို့မှာ တည်ဆောက်မယ့် ရေကာတာနဲ့ ပတ်သက်ပြီး နိုင်ငံတ ကာနဲ့ကော ဘယ်လိုအကျိုးဆက်တွေ ဖြစ်ပေါ်နိုင်ပါသလဲ။

ဆက်စပ်မှုရှိသိပ်ရှိတာပေါ့၊ ကမ္ဘာမှာ ရာသီဥတုပူနွေးမှုတွေ ဖြစ်ပေါ်လာနေပါတယ်။ ပြီးတော့ ကမ္ဘာမှာ ရေချိုတွေက ၃ရာခိုင်နှုန်းပဲရှိပြီး ၂.၅ရာခိုင်နှုန်းပဲ သောက်သုံးလို့ရတယ်။ သံလွင်မြစ်က ရေချိုပါ။ ထိန်းသိမ်းထားသင့်တယ်။ ရေကာတာဆောက်ခြင်းအားဖြင့် ရေတွေကိုလောင်ပြီး ရေချိုတွေက ဂါလန်သန်းနဲ့ချီပြီးတော့ အငွေ့ပျံသွားပါတယ်။ နောက်တစ်ခုက ဒီသံလွင်ရေချိုကို ထိုင်းနိုင်ငံမှာ ပြန်ပို့မယ်၊ ပို့လိုက်တော့ မြစ်အောက်ပိုင်းမှာ ကျနော်တို့ရေချိုတွေ မရတော့ဘူး၊ သစ်တောတွေ မရှင်သန်နိုင်တော့ ကမ္ဘာကြီး ပူနွေးမှုတွေ မြင့်မားလာမယ်။ ကမ္ဘာကလည်း အခုအချိန်မှာ စပြီး နာမကျန်းဖြစ်နေတဲ့ကြား မှ ရေကာတာဆောက်လိုက်ရင် ကမ္ဘာကြီးပူနွေးမှု၊ ရာသီဥတု ဖေါက်ပြန်မှုဖြစ်ပြီး ဂေဟစနစ်တွေ ပျက်စီးပြီးတော့ အကျိုးဆက်က တစ်ကမ္ဘာလုံး လူသားတွေ ခံစားကြရလိမ့်မယ်။

မြန်မာနိုင်ငံမှာ စွမ်းအင်လည်း လုံလောက်မှု ရရှိပြီး ငြိမ်းချမ်းရေးလည်း မထိခိုက်ရလေအောင် ဘယ်လိုလုပ်ဆောင်ရင် ကောင်းမလဲ။

အစိုးရအနေနဲ့ တစ်ခုခုလုပ်တော့မယ်ဆိုရင် ဒေသခံတွေပါ၀င်နိုင်တဲ့ ပွင့်လင်းမြင်သာမှုရှိအောင် သုတေသနတွေ အရင်လုပ်ဖို့လိုတယ်။ ဒေသခံတွေ တကယ်လိုအပ်နေတာဘာလဲ။ ဒီဒေသမှာ လျှပ်စစ်က မီကာဝပ် သောင်းနဲ့ မလိုဘူး။ ရာဂဏန်းလောက်ပဲလိုတယ်၊ အဲဒီရာဂဏန်းလေးနဲ့ကျနော်တို့လွယ်လွယ်ကူကူ ဘယ်ကရနိုင်မလဲ၊ ဆိုလာစနစ်နဲ့ ရနိုင်တယ်။ အချို့ဒေသမှာဆိုရင် လေစွမ်းအင်နဲ့လည်း သုံးနေကြတယ်။ အချို့စမ်းချောင်းတွေမှာလည်း အသေးစား ရေအားလျှပ်စစ် မီကာဝပ် ရာဂဏန်းနဲ့ရတယ်။ ဒီဒေသအတွက် အလုံအလောက် အသုံးပြုလို့ရတယ်။ ဒီဟာတွေကို သုံးခြင်းအားဖြင့် ပျက်စီးထိခိုက်မှုတွေမရှိဘူး။ လျှပ်စစ်လည်း ရလာမယ်။ ဒေသခံတွေလည်း ပြောင်းရွေ့ဒုက္ခလည်း မရှိတော့ဘူး။ တည်ဆောက်နေဆဲ ငြိမ်းချမ်းရေးလည်း မထိခိုက်ဘူး။ ဒါတွေကို လုပ်သင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်။

နောက်ထပ်ဘာတွေများ ဖြည့်စွက် ပြောချင်ပါသလဲ။

ကျနော်ပြောချင်တာက ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကုမ္မဏီနဲ့အစိုးရတို့ ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။ ကျနော်တို့လည်း အစိုးရကို အကြိမ်ကြိမ် ဒေသခံများ လက်မခံတဲ့အကြောင်း လက်မှတ်နဲ့အတူ ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အစိုးရ၊ နိုင်ငံတကာစံချိန်စံညွန်းနဲ့ ပြည့်စုံတဲ့ ကုမ္မဏီကော ကျနော်တို့ကို တစ်ခါမှ စာမပြန်ကြပါဘူး။ လူကြီးလူကောင်းဆန်ရင်တော့ စာလေးတော့ ပြန်သင့်တယ်။ ကျနော်တို့ ဒေသခံတွေကို ဂရုမစိုက်ဘူး။ ဘာကိုဖော်ပြလဲဆိုတော့ သူတို့က လူထုတွေရဲ့သဘောထားကို လက်မခံချင်ဘူး။ သူတို့လုပ်ချင်တာတွေ လုပ်မယ်ဆိုတဲ့ သဘောထားတွေ တွေ့နေရတယ်။ ဒီလို လုပ်ခြင်းအားဖြင့် တိုင်းပြည်ရဲ့အနာဂါတ်ကို ပိုပြီးဆိုးအောင်လုပ်နေတယ်လို့ပဲ ကျနော်တို့မြင်ပါတယ်။