နိုင်ငံတော် သမ္မတ၏ ပညာသင်ဆုရွေးချယ်သည့် စနစ်သည် နိုင်ငံတကာ ပညာသင်ဆု ရွေးချယ်သည့် စနစ်နှင့် ပြောင်းပြန်ဖြစ်နေသည်ဟု Crown Education မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ကျော်ဆန်း က ပြောသည်။
စင်ကာပူ၊ အမေရိက၊ အင်္ဂလန် စသည့် နိုင်ငံများတွင် ပညာသင်ဆု ရွေးချယ်ရာ၌ တက်ရောက်မည့် ကျောင်း ဝင်ခွင့် ရပြီးမှသာ အဆိုပါ ကျောင်းဝင်ခွင့် လျောက်လွှာနှင့်အတူ ပညာသင်ဆုလျှောက်ထားခြင်း ဖြစ်သည်။ သို့သော်လည်း သမ္မတ၏ ပညာသင်ဆုရွေးချယ်ရာတွင် ယင်းကဲ့သို့ မဟုတ်ဘဲ လူရွေးချယ်ခြင်းကို ဦးစွာပြုလုပ်ပြီးနောက်မှ ကျောင်းဝင်ခွင့် လျှောက်ထားရသည့် ပုံစံဖြစ်နေသောကြောင့် ၎င်းက ယင်းသို့ပြောခြင်း ဖြစ်သည်။
သမ္မတ ပညာတော်သင်ဆု ရွေးချယ်ရာတွင် နိုင်ငံတကာမှ စနစ်အတိုင်းသာ ဆောင်ရွက်မည်ဆိုပါက လျှောက် ထားသည့် ကျောင်းသား၏ အရည်အချင်းအမှန်ကို တက္ကသိုလ်များက ကျွမ်းကျင်ရာ နယ်ပယ်အလိုက် စစ်ဆေးပြီး ဖြစ်သဖြင့် တိကျမှန်ကန်စွာ ရွေးချယ်ရန် ပိုမိုအထောက်အကူပြုသည်ဟုလည်း ဦးအောင်ကျော်ဆန်းက ဆိုသည်။
၎င်းက '' တက္ကသိုလ်ဝင်ခွင့်တွေ လျှောက်ထားပေးဖို့ ကျွန်တော် လက်ရှိကူညီနေရတဲ့ ကျောင်းသားတွေမှာ သိသလောက်ဆို သူတို့ကို ချိတ်ဆက်ထားတာ မရှိဘူး''ဟု ပြောသည်။
လက်ရှိ သမ္မတ ပညာသင်ဆုလျှောက်ထားရာတွင် ဝဇ္ဇာ/သိပ္ပံဘွဲ့ရများက မဟာဘွဲ့အဆင့် လျှောက်ထား ခဲ့ပြီး ရွေးချယ်ခံထားရသော်လည်း အချို့ မြန်မာနိုင်ငံမှ ဝဇ္ဇာ/သိပ္ပံဘွဲ့များကို နိုင်ငံတကာ မဟာဘွဲ့အဆင့် မပေးသည်လည်း ရှိသည်။ ယင်းအပြင် ပီအိပ်ချ်ဒီ(PhD) ဒေါက်တာဘွဲ့တွင်လည်း အစိုးရချင်း မချိတ်ဆက်ပါက အခက်အခဲ ရှိနိုင်သည်ဟုလည်း Crown Education ၏ သမ္မတ ပညာတော်သင်ဆုအတွက် အကြံပြုချက်တွင် ဖော်ပြထားသည်။
ယင်းသို့ ရွေးချယ်မှုပုံစံနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆရာများသမဂ္ဂမှ အထွေထွေ အတွင်းအရေးမှူး ဒေါက်တာ အာကာမိုးသူက ''ကျောင်းတွေကို သမ္မတပညာသင်ဆု လျှောက်ထားနိုင်တယ်လို့ ပြောတယ်။ ကျောင်း အလိုက် ခေါ်တယ်လို့ သိရတယ်။ ဘယ်နိုင်ငံရဲ့ကျောင်း လျှောက်ထားနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူး။ ဒီဘက်ခြမ်းက လွတ်လိုက်ပေမယ့် ဟိုဘက်ခြမ်းက အရည်အချင်း မပြည့်မီရင် မရပြန်ဘူး''ဟု ပြောသည်။
ဦးအောင်ကျော်ဆန်းကလည်း ''သူတို့ကို ရွေးထားပြီဆိုပြီး စာရွက်နဲ့ လာတဲ့အခါမှာ အဲဒီကျောင်းသားတွေက ဟိုဘက်နိုင်ငံတက္ကသိုလ်က ကျောင်းဝင်ခွင့်နဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ ရှိနေတာ အများကြီး တွေ့ရတယ်'' ဟု ပြောသည်။
ယင်းအပြင် အင်္ဂလိပ် ဘာသာစကားအတွက် စစ်ဆေးရာတွင် နိုင်ငံတကာ တက္ကသိုလ်များက လက်ခံသည့် IELTS Test (သို့ ) TOEFL Test ကို တစ်ခါတည်း စစ်ဆေးရန်လိုသည်ဟုလည်း ၎င်းက အကြံပြုသည်။
ပညာတော်သင်ဆုအတွက် အရည်အချင်းစစ် စာမေးပွဲဖြေဆိုခဲ့သူများအနက် IELTS အဆင့် 6.5 နှင့်အထက် ညီမျှသော Aptis Test အဆင့် 'C' ဖြင့် အမှတ်အများဆုံး ရရှိသူ ၁၄၂ ဦးအား ပထမအသုတ် လူတွေ့ စစ်ဆေးပြီးဖြစ်သည်ဟုလည်း အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)က ထုတ်ပြန်ထားသည်။
IELTS 5.0 နှင့် 6.5 အကြား အဆင့်နှင့်ညီမျှသော Aptis Test အဆင့် 'B2' အတွက် ဖြေဆိုသူ ရ၃၆ ဦးရှိခဲ့ပြီး ၁၇၂ ဦးကို ဒုတိယအသုတ် လူတွေ့စစ်ဆေးရန် စာရင်းထုတ်ပြန်ထားသည်။
တတိယအသုတ် လူတွေ့ ဖြေဆိုရမည့် စာရင်းလည်း ထွက်လာပြီဖြစ်ကာ ၅၆၄ ဦး ပါဝင်သည်။