ကိုးကန့် ဒေသတွင် တိုက်ပွဲများ ပြင်းထန်ဆဲ

ကိုးကန့် ဒေသတွင် တိုက်ပွဲများ ပြင်းထန်ဆဲ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း မြန်မာအစိုးရ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် တပ်ဖွဲ့ (MNDAA) တို့အကြား မတ် ၁၆ရက်နေ့မှစ၍ မတ်လ ၁၉ရက်နေ့အထိ တိုက်ပွဲများ ဆက်တိုက် ပြန်လည်ဖြစ်ပွားမှုကြောင့် အစိုးရ တပ်မတော်ဘက်မှ ထိခိုက် ကျဆုံးမှုများပြားသည်ဟု ဆိုသည်။

“ကျနော်တို့က ခံစစ်။ တက်လာတော့ပစ်ခတ်ခံရတယ်။ တိုက်ပွဲသဘောသဘာဝဘဲ။ အခု ထပ်လာတာက တပ်မ ၆၆။ သူတို့နဲ့ဖြစ်နေတာ ၃ - ၄ ရက်ရှိပြီ။ သတင်း စာမျက်နှာမှာ ပျံ့နေတဲ့ ဓါတ်ပုံတွေက တပ်မ ၁၁ ရဲ့ပုံတွေ။ အဲဒါက လောက်ကိုင် ပတ်ဝန်းကျင်မှာ ဖြစ်တဲ့တိုက်ပွဲတွေ” ဟု MNDAA ပြောရေးဆိုခွင့် ထွန်းမြတ်လင်းကပြောသည်။

တပ်မ ၁၁ လက်အောက်ခံ ရဲဘော် ကေဒါ စစ်သည်များ သေကြေဒဏ်ရာရရှိမှု ၁၅၀ကျော်ရှိကြောင်း၊ အစိုးရ တပ်မတော်ထံမှ လက်နက်နှင့် စစ်သည်အလောင်း အများအပြား ရရှိခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့က ပြောသည်။

အဆိုပါသေဆုံးမှုများကို သီးခြားအတည်ပြုချက် မရသေးသော်လည်း အစိုးရတပ်မတော်ဘက်မှ ကျဆုံးမှုများအား http://blog.sina.cn  တရုတ်ဘာသာ   ဘလောက်သတင်းစာမျက်နှာ တွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

တနင်္လာနေ့က အစိုးရ ထုတ်ပြန်ကြေငြာချက်တွင်မူ ကုန်းကြမ်းမြို့နယ် တိုက်ပွဲ၌ အစိုးရ တပ်ဘက်မှ ၃ဦး ကျဆုံးပြီး ၄ဦး ဒဏ်ရာရှိသည်ဟု ဆိုသည်။ ဖေဖေါ်ဝါရီ ၉ရက်နေ့ စတင်လာသည့် ကိုးကန့်တိုက်ပွဲသည် တစ်လကျော်ပြီဖြစ်သော်လည်း တိုက်ပွဲအဆုံးသတ်နိုင်ခြင်းမရှိသေးပေ။

Most read this week