အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း အသစ်ပြန်ရေးရန် ပြန်ကြားရေးဝန်ကြီး ရုပ်သိမ်း

အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း အသစ်ပြန်ရေးရန် ပြန်ကြားရေးဝန်ကြီး ရုပ်သိမ်း
by -
မဇ္ဈိမ

ဒီယာများအကြား အပြင်းပွားဖွယ်ဖြစ်သည့် အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို အသစ်ပြန် လည်ရေးဆွဲရန် ပြန်လည် ရုပ်သိမ်းလိုက်သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က မတ်လ ၁၈ရက်က ပြည်သူ့လွှတ်တော်သို့ ပြောသည်။

ပြီးခဲ့သည့်  ၂၀၁၄ ခုနှစ် နဝမအကြိမ် ပုံမှန်အစည်းအဝေးတွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က အဆိုပါ ဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၈ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်တွင် ပြန်လည်ရုပ်သိမ်းလိုသည်ဟု  ဦးရဲထွဋ်က လာရောက်တင်ပြခဲ့ခြင်း ဖြစ်သည်။

U-Ye-Htut-Press-Conferenc-05

ဦးရဲထွဋ်က ‘‘ဒီဥပဒေကြမ်းကို ကျွန်တော်တို့ ဝန်ကြီးဌာနက သေချာရေးဆွဲခဲ့တာပါ။ ဒါပေမယ့် ဝန်ကြီးဌာနရဲ့ အားနည်းချက်ကြောင့်တော့ မဟုတ်ပါဘူး" ဟု ပြောသည်။

ယင်းဥပဒေကြမ်းသည် ယူနက်စကိုမှ ပညာရှင်များနှင့် ပူးပေါင်းရေးဆွဲခဲ့သော်လည်း စာနယ်ဇင်းဆိုင်ရာ အကြံပြုချက်၊ ဥပဒေဆိုင်ရာ အကြံပြုချက်နှင့် အများပြည်သူ အကြံပြုချက်များကြောင့် လိုအပ်ချက်များရှိနေသောကြောင့် ပိုမိုပြည့်စုံသော ဥပဒေကြမ်းတစ်ခုဖြစ်ရန် ပြန်လည်ရေးဆွဲဖို့ လိုအပ်နေသည်ဟု ဦးရဲထွဋ်က ဆိုသည်။

ထို့အပြင် ယင်းဥပဒေသည် ရုပ်မြင်သံကြား ဥပဒေဆိုင်ရာ အချက်အလက်များနှင့် ဆက်စပ်နေသောကြောင့် ရုပ်မြင်သံကြားဆိုင်ရာ ဥပဒေကို အတည်ပြုပြီးမှသာ လွှတ်တော်သို့ ပြန်လည်တင်သွင်းသွားမည် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ပြန်တင်သွင်းမည့်အချိန်ကို တိတိကျကျပြော၍မရနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်က ‘‘ရုတ်သွားတာတော့ ကော်မတီက လက်ခံပါတယ်။ ကြိုလည်းကြိုဆိုတယ်။ ဥပဒေကြမ်းကော်မတီက ပြောသွား တဲ့အတိုင်းပါပဲ။ သူတို့ရေးဆွဲထားတဲ့ ဥပဒေက အခုလက်ရှိအခြေအနေနဲ့ မကိုက်ညီတာများပါတယ်။ ထိုင်းမှာ သွားပြီးတော့ လေ့လာခဲ့ရတဲ့ အချက်အလက်တွေနဲ့ ယှဉ်ထိုးကြည့်တဲ့ အခါကျတော့ တော်တော်လေးအား နည်းနေတာတွေ့ရတယ်’’ ဟု ပြောသည်။

၎င်းက မြန်မာနိုင်ငံတွင် သတင်းမီဒီယာ ဥပဒေအပြင် ရုပ်သံနှင့် ရေဒီယို ဥပဒေများလည်း ရှိဦးမည်ဖြစ်သည့်အတွက် အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေသည် မလိုအပ်ဘဲ လုံလောက်သည်ဟု ဆိုသည်။

သူရဦးအေးမြင့်က ‘‘အဘတို့ သဘောထားကတော့ ဒီဥပဒေကတော့ မလိုတော့ဘူးလို့ ယူဆပါတယ်။ တော်တော်လေး ပြည့်စုံနေပြီ။ သတင်းမီဒီယာ ဥပဒေကလည်း ရှိတယ်။ ရုပ်သံနဲ့ ရေဒီယိုဥပဒေကလည်း ရှိဦးမယ်။ ဒါတွေနဲ့တင် လုံလောက်ပြီလို့ယူဆပါတယ်’’ ဟု ပြောသည်။