ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်၏ လုပ်ငန်းစဉ်များ ပြီးဆုံးမှသာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ ကျင်းပနိုင်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက ပြောသည်။
ဦးဝင်းကိုက "ပြည်သူလူထုက (ဖွဲ့စည်းပုံပြင်ရေး) သဘောတူ၊ မတူလုပ်မယ့် ပြည်လုံးကျွှတ် ဆန္ဒခံယူပွဲဖြစ်တဲ့အတွက် လွှတ်တော် လုပ်ငန်းစဉ်တွေပြီးမှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်လို့ရမှာပါ’’ ဟု ပြောသည်။
မတ်လ ၁၁ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မဇ္စျိမ၏ မေးမြန်း ချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဦးဝင်းကိုက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီမှ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းကို လွှတ်တော်တင်ပြီး ကိုယ်စားလှယ်များက မည်သည့်ပုဒ်မများကိုပြင်ဖို့ သဘောတူပြီး ယင်းပုဒ်မများပေါ်မူတည်၍ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရမည့် ဥပဒေ မည်မျှပါမည်ကို ကြည့်ရမည်ဟု ဆိုသည်။
၎င်းက "ပြည်လုံးကျွှတ် ဆန္ဒခံယူပွဲ ဘယ်တော့လုပ်မယ် ဆိုတာတော့ ကျွန်တော်တို့ ဖြေဖို့ခက်ပါတယ်၊ မဖြေနိုင်ဘူးပေါ့၊ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ကပြဌာန်းတဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ ပြဌာန်းပြီးလို့ရှိရင် ကျွန်တော်တို့ ရွေးကောက်ပွဲ ကော်မရှင်က သူ့စပ်လျဉ်းတဲ့ နည်းဥပဒေ ထုတ်ပြန်ရပါမယ်၊ နည်းဥပဒေ ထုတ်ပြန်ပြီးမှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ငန်းတွေ စနိုင်မှာဖြစ်ပါတယ်’’ ဟု ပြောသည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်း ကို ရေးဆွဲပြဌာန်းကာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၁၅ခုနှစ်၊ မတ်လတွင်ကျင်းပမည်ဟု ရည်မှန်းထားကြောင်း သတင်းမီဒီယာများကို ပြောကြားထားသည်။
အမည်မဖော်လိုသူ ကိုယ်စားလှယ် တစ်ဦးကမူ "ဖွဲ့စည်းပုံပြင်ဖို့ ခြောက်ပွင့်ဆိုင်တွေ့ဖို့ ကိစ္စတွေ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စတွေထက် ဘက်ဂျက်ကိစ္စတွေ၊ အမျိုးသား ပညာရေး ဥပဒေကြမ်း ကိစ္စတွေနဲ့ အလုပ်များနေတာ တွေ့ရပါတယ်’’ ဟု ဆိုသည်။