ရေးဒေသခံတို့၏ လက်မှတ်များသည် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ထောက်ခံခြင်း မဟုတ်ဟုဆို

ရေးဒေသခံတို့၏ လက်မှတ်များသည် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ထောက်ခံခြင်း မဟုတ်ဟုဆို
by -
မွန်အေဂျင်စီ

မွန်ပြည်နယ် ရေးမြို့နယ်တွင် မဟာဓါတ်အားလိုင်းရရှိရေးနှင့် လျှပ်စစ်မီတာခများ လျှော့ချနိုင်ရေးခေါင်း စဉ်ဖြင့် ဒေသခံများထံမှ လက်မှတ်များ ကောက်ခံပြီးနောက်ပိုင်း၌ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံလိုလားသူအချို့က အံဒင်ကျောက်မီးသွေးဓာတ်အားပေးစက်ရုံအား ထောက်ခံသည့် လက်မှတ်များအဖြစ်သို့ လိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း လက်မှတ်ရေးထိုးခဲ့သူ ဒေသခံကိုထွန်းလင်းက ပြောသည်။

“လျပ်စစ်မီတာခတစ်ယူနစ် ၂၅၀ ကျပ်ကနေ လျှော့ချဖို့ဆိုပြီး သူတို့ လက်မှတ်လိမ်ကောက်သွားတာပါ ခင်ဗျာ့၊ ကျွန်တော်တို့ကတော့ အခုဒါကိုမကြိုက်နှစ်သက်ပါဘူးဆိုပြီး ကန့်ကွက်မှာပါ၊ ဒီပာာက ကျွန်တော်တို့ ဘေး အန္တရယ် ကျရောက်မယ့် အလုပ်မို့လို့ ကျွန်တော်တို့ ကန့်ကွက်တာပါ”ဟု ကိုထွန်းလင်းက ပြောသည်။

15Ye-300x168

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းနှင့် ဖေဖော်ဝါရီလဆန်းပိုင်းတို့က အဆိုပါ မဟာဓါတ်အားလိုင်းရရှိရေးနှင့် မီတာခကျဆင်းရေး လက်မှတ်များကောက်ခံခဲ့ပြီး လက်မှတ်ပေါင်း ၆ ထောင်ကျော်နှင့်အတူ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် သမ္မတရုံးသို့ အံဒင်လျှပ်စစ်ဓာတ်အားပေးစက်ရုံအား တည်ဆောက်ရန် ထောက်ခံလက် မှတ်များဟု တင်ပြခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ လက်မှတ်များ လိမ်လည်ကောက်ခံခြင်းနှင့်ပတ်သက်၍ လက်မှတ်ရေးထိုးခဲ့သူ ဒေသခံ ၃၂ဦးက ရေးမြို့၌ မတ်လ ၁၀ ရက်နေ့တွင် မီဒီယာများသို့ ရှင်းလင်းမည်ဖြစ်ကြောင်း၊  ထို့သို့ ရှင်းလင်းပွဲ လုပ်ခြင်းသည် လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း ထောက်ခံလက်မှတ်များနှင့်ပတ်သတ်၍ ၄င်းတို့၏ စုံစမ်းဖော်ထုတ်မှု ပထမခြေလှမ်းဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သည့် ရေးမြို့နယ်၊ လူမှုအကျိူးဆောင်အဖွဲ့ (YSS)မှ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောသည်။

ဦးအောင်နိုင်ဝင်းက “အခုပွဲက ရေးမြို့ပေါ် အောင်မင်္ဂလာ၊ အောင်မေတ္တာနဲ့ အောင်သုခ ရပ်ကွက် ၃ ရပ်ကွက်က လူတွေ ရှင်းလင်းမယ့်ပွဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့ ဒီတစ်ပွဲတည်းနဲ ပြီးသွားမှာမဟုတ်ပါ ဘူး၊ နောက်ပိုင်းမှာ လက်မှတ်ကောက်ခံခဲ့တဲ့ ရွာတိုင်းရွာတိုင်းမှာ ရှင်းလင်းပွဲတွေ လုပ်သွားဦးမှာပါ၊ ဒေသ ခံတွေအနေနဲ့ မဟာဓာတ်အားလိုင်းနဲ့ မီတာခ လျှော့ချရေးအတွက် အခုလိုလက်မှတ်ထိုးတယ်ဆိုတာကို သိစေချင်လို့ပါ” ဟုပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်တောင်ဒေသတဝိုက် အံဒင်ကျေးရွာအနီး Toyo Thai မှ အမေရိကန် ဒေါ်လာသန်း ၂၇၀ဝကျော် ရင်းနှီးမြုပ်နှံဆောက်လုပ်ရန်လျာထားသည့် ၁၂၈၀ မဂ္ဂါဝပ်ထွက် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းအား ဒေသခံများက နည်းအမျိူးမျိူးဖြင့် ကန့်ကွက်ခဲ့ကြသည်။