တြိဂံတိုင်း စစ်ဌာနချုပ်မှ ပို့ဆောင်လိုက်သော သံချပ်ကာကား ၁၀စီးနှင့် ပွိုင့် ၁၂၀ မမ လက်နက်ကြီး တစ်လက်အား လုံခြုံရေးစစ်သည်အင်အား ၅၀-၆၀ခန့်နှင့်အတူ သျှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် မိုင် ၃၀ခန့်အကွာရှိ ခလရ ၂၂၆ အခြေစိုက်ရာ အထူးဒေသ ၄ နယ်စပ် တာ့ပင်းပွိုင့်ဦး တပ်စခန်းသို့ မတ်လ ၅ရက် မွန်းလွဲ ၁ ကျော်က ရောက်ရှိလာသည်ဟု စစ်ရေးစောင့်ကြည့်သူ ကျိုင်းတုံဒေသခံကပြောသည်။
အမည်မဖေါ်လိုသည့် ရှေ့တန်းတပ်မှူးက ၁၂၀ မမ လက်နက်ကြီးအား နမ့်လွေချောင်း အနောက်ဘက်ကမ်း ဝမ့်အိတ်တောင်ထိပ်သို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။
ယခုကဲ့လို ဝမ့်အိတ်တောင်ထိပ်သို့ လက်နက်ကြီးများ ပို့ဆောင်ထားသော်လည်း တပ်မများ ရောက်ရှိလာခြင်း မရှိသောကြောင့် တိုက်ပွဲဆင်ဖို့ မဖြစ်နိုင်ဟု ထင်ကြောင်းနှင့် ခြိမ်းခြောက်မှု လုပ်ရန်သာ ဖြစ်မည် ဟု တော်လှန်ရေးသမားဟောင်း ဆရာစိုင်းမုန့်က သုံးသပ်ပြောဆိုသည်။
၎င်းက “အဲဒီတောင်ထိပ်ကနေ ၁၂၀ လက်နက်ကြီးပစ်ရင် မိုင်းလားကို ကောင်းကောင်းရောက်နိုင်တယ်။ ၁၂၀ မပြောနဲ့ ၁၀၅တောင် ရောက်နိုင်တယ်။ ဒီအခြေအနေက တိုက်ပွဲ ဆင်ဖို့တော့ မဖြစ်နိုင်ဘူးထင်တယ်။ တခုခုခြိမ်းခြောက်ဖို့ပဲနေမှာ။ တပ်မတွေလဲ ရောက်လာတာမတွေ့မိဘူးလေ” ဟု ပြောသည်။
လုံခြုံရေး ယူပေးသည့် စစ်သည်အင်အားများက မတ်လ ၅ ရက်နေ့ ညနေပိုင်းမှာပင် ကျိုင်းတုံသို့ ခရီးပြန်လှည့် သွားခဲ့ကြောင်းလည်း ၎င်းကပြောသည်။
သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ အဆိုပါ လက်နက်ကြီးအပါအဝင် သံချပ်ကာ ကားများလည်း ကျိုင်းတုံသို့ ညတွင်းချင်း ပြန်သွားသည်ဟုဆိုသည်။
“ခရီးသွားတွေကို မှတ်ပုံတင်စစ်တာကလွဲလို့ လမ်းမှာ ဘာမှမထူးပါဘူး။ ပုံမှန်ဖြတ်သန်းသွားလာနေတယ်။ စစ်ကားတွေလည်း ကျိုင်းတုံဘက် ပြန်ကုန်ပြီ။ မိုင်းလားလန့်အောင် အင်အားလာပြတာလို့ပဲထင်တယ်” ဟု ကျားဖြူပါတီဝင် စိုင်းယီ့လုံးကပြောသည်။
တပ်မတော်ဘက်က အထူးဒေသ ၄ မိုင်းလားနယ်မြေသို့ လက်နက်ကြီးများ၊ တိုက်ပွဲဝင် သံချပ်ကာကားများ ပို့ဆောင်ထားသော်လည်း အစိုးရဘက်ကမူ မတ် ၄ ရက်နေ့မှစ၍ မတ်လ ၆ရက်နေ့အထိ ဌာနဆိုင်ရာများ စေ လွှတ်၍ အထူးဒေသ ၄ နယ်မြေအတွင်းရှိ မိုင်းလား၊ မိုင်းမ၊ ဆီလူး၊ မိုင်းယု ဒေသခံများအတွက် နိုင်ငံသားစိစစ်ရေး ကဒ်ပြားလုပ်ပေးနေသည်ဟု သိရသည်။