ပင်ပသပိတ်စစ်ကြောင်းနှင့်ပူးပေါင်းရန် ရှမ်းနှင့်ကယားပြည်နယ်မှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် များ အောင်ပန်းသို့ရောက်ရှိ

ပင်ပသပိတ်စစ်ကြောင်းနှင့်ပူးပေါင်းရန် ရှမ်းနှင့်ကယားပြည်နယ်မှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် များ အောင်ပန်းသို့ရောက်ရှိ
by -
မဇ္စျိမ

လက်ပံတန်းမြို့သို့ ရောက်ရှိနေသည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းနှင့် ပူးပေါင်းရန် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များသည် အောင်ပန်းမြို့သို့ ရောက်ရှိနေသည်ဟု ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက မဇ္ဈိမကိုပြောသည်။

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များသည် လွိုင်ကော်မြို့တွင် မတ်လ ၆ရက်က ကျောင်းသားသပိတ် စစ်ကြောင်းအား အကြမ်းဖက်ဖမ်းဆီခြင်းမပြုရန် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ပင်မသပိတ်စစ်ကြောင်းနှင့် ပူးပေါင်းရန် ဆက်လက်ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

ကယားပြည်နယ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ခွန်ရဲမင်းကျော်က “ကျွန်တော်တို့ ကိုယ်စားလှယ်တွေ လက်ပံတန်းမြို့ကို ကားနဲ့အရင်လွှတ်လိုက်ပြီ။ ကျွန်တော်တို့က နောက်ကနေ ဆက်လိုက်သွားမယ်။ ဒီမှာလူစုနေတယ်။ ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်မှုတွေ မပြုလုပ်အောင် ဆက်လက်ပြီး အင်အားဝိုင်းရံတာပါ ” ဟုပြောသည်။

ကယားပြည်နယ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကျောင်းသားကျောင်းသူ အင်အား စုစုပေါင်း ၂၀ဦးခန့်သည် လက်ပံတန်းမြို့ရှိ ပင်မသပိတ်စစ်ကြောငး်နှင့် ပူးပေါင်းရန် အောင်ပန်းမြို့သို့ရောက်ရှိနေပြီး တောင်ကြီးမြို့မှ ထပ်မံရောက်ရှိလာမည့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် ပူးပေါင်းရန် စောင့်ဆိုင်းနေသည်ဟု ၎င်းကဆိုသည်။

လက်ပံတန်းမြို့ရှိ ပင်မသပိတ်စစ်ကြောင်းသို့ ကိုယ်စားလှယ် ငါးဦးကို ကားဖြင့် စေလွှတ်လိုက်ပြီး မတ်လ ၈ရက် ၁၀နာရီခန့်အချိန်က ယင်းကိုယ်စားလှယ်များသည် ရန်ကုန်မြို့သို့ရောက်ရှိနေပြီး လက်ပံတန်းမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

ရှမ်းပြည်နယ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး (၁) ကိုစိုင်းနောင်ပြည့်က “ ကျွန်တော်တို့ ပင်မ သပိတ် စစ်ကြောင်းကို လာရောက်ပူးပေါင်းမယ့်အကြောင်း ဆက်သွယ်ပြီးပြီ။ ကျောင်းသားတွေကို အကြမ်းဖက်တာမျိုး ပြုလုပ်မယ်ဆိုရင် ဒီ့ထက်ပိုမိုပြင်းထန်တဲ့ သပိတ်မှောက်မှုတွေကို ပြုလုပ်ရလိမ့်မယ်” ဟုပြောသည်။

အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး တောင်းဆိုနေကြသည့် ကျောင်းသားမျာကို အကြမ်းမဖက်ရန် မတ်လ ၅ ရက်က မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများကို ‘တာဝန်’ စာသားပါ လက်ပတ်နီအရပ်ဝတ်များက အကြမ်းဖက်နှိမ်နင်း ဖြိုခွင်းခံခဲ့ကြပြီး ကျောင်းသား ရှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ ယင်းကျောင်းသားများကို မတ်လ ၆ ရက် နံနက် ၆ နာရီခန့်အချိန်က ပြန်လည်လွှတ်ပေးခဲ့သည်။

Most read this week