ကိုးကန့်တိမ်းရှောင်အဖွဲ့ (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA) က အစိုးရ တပ်များကို တိုက်ခိုက်သည့်အပေါ် ဖြေရှင်းချက်ပေးရန် အစိုးရက တိုင်းရင်းသားအဖွဲ့များကို မေးခွန်းထုတ်ထား သည်ဟု ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှုး ၂ ရွှေမျိုးသန့်က မတ်လ ၈ရက်တွင် မဇ္ဈိမကို ပြောသည်။
၎င်းက "ကိုးကန့်အဖွဲ့က ဘာအကြောင်းနဲ့ တိုက်တာလဲဆိုတာကို တိုင်းရင်းသားတွေကို မေးတယ်၊ ဒါကို ပြန်ဖြေရှင်းရမယ်၊ မတ်လလယ် တွေ့ဆုံတဲ့အခါ နှစ်ဖက်ဖြေရှင်းချက်တွေ ပေးရပါတယ်၊ တပ်ဖက်ကလည်း လိုင်ဇာ ဗိုလ်လောင်းကိစ္စကို ထပ်ဖြေရှင်း ခိုင်းထားတယ်လို့ သိရတယ်" ဟု ဆိုသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာတွင် ဖွင့်လှစ်ထားသည့် ဗိုလ်သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်းများစွာ ကျဆုံးခဲ့ခြင်းအပေါ် တိုင်းရင်းသားတို့က အစိုးရအပေါ် ဖြေရှင်းရန် တောင်းဆိုခဲ့ပြီးနောက် အစိုးရက ခိုင်လုံမှုမရှိသည့် အကြောင်းရာများဖြင့်သာ ဖြေရှင်းခဲ့သည်ဟု တိုင်းရင်းသားတို့က ယုံကြည်ထားကြသည်။
အစိုးရကလည်း ယင်းအတွက်ကြောင့် ကိုးကန့် တိမ်းရှောင်အဖွဲ့က ပြန်လည်တိုက်ခိုက်ခြင်း ဟုတ်မဟုတ်ဟု တိုင်းရင်းသားတို့အား သံသယရှိနေသည်ဟု တိုင်းရင်းသားအဖွဲ့များမှသိရသည်။
ဖြစ်ပေါ်နေဆဲ ကိုးကန့်ဒေသ တိုက်ပွဲများအပေါ် ကိုးကန့် တိမ်းရှောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက "ကျွန်တော်တို့က ဖက်ဒရယ်အခြေခံပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရချင်လို့ တိုက်နေရတာ၊ အမြန်ဆုံး အစိုးရက ဆွေးနွေးသင့်တယ်၊ ကျွန်တော်တို့ကတော့ အဆင်သင့်ပါပဲ" ဟု ဆိုသည်။
၂၀၁၅ခုနှစ် မတ်လ၊ ၁၆ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံချိန်တွင် နှစ်ဖက်အဖွဲ့ အသီးသီးစီတို့ တွေဆုံကာ ကိုးကန့်အရေးနှင့် လိုင်ဇာအရေးတို့ကို ဆွေးနွေးမည်ဖြစ်သည်။
ဖေဖော်ဝါရီလ ၉ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့သည့် ကိုးကန့်ဒေသ တိုက်ပွဲများကြောင်း တပ်မတော်ဖက်မှ အရာရှိ၊ တပ်သား စုစုပေါင်း ၁၀၀ကျော် ကျဆုံးခဲ့ပြီးဖြစ်သည်။