ဆန္ဒပြသည့် ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းရန် စေခိုင်းသူကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ ဖော်ထုတ်ရန် အစိုးရနှင့် လွှတ်တော်များကို တိုက်တွန်းသွားမည်ဟု ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ က ပြောကြားလိုက်သည်။
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ ဆန္ဒပြသည့်ကျောင်းသားများကို “တာဝန်” ဟူသည့် လက်ပတ်ဝတ်ဆင်ထားသူများက ရိုက်နက်မှု၊ ဖြိုခွင်းမှုများပြုလုပ်ပြီး ကျောင်းသားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်၍ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် များနှင့် ဆန္ဒထုတ်ဖော်သည့် ကျောင်းသားများပူးပေါင်းကာ မတ်လ ၅ရက်ညက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
၈၈ သဘောထား
ထိုသို့ ဖြိုခွင်မှုကို ၈၈ ကျောင်းသားဟောင်းကိုမင်းကိုနိုင်က “တာဝန်ဆိုတဲ့ အနီရောင်လက်ပတ်ကို ပတ်လိုက်ရင် ဘယ်သူမဆို မိန်းမပျိုတစ်ယောက်ကို ချုပ်နှာင်ခွင့်ရပြီလား၊ ဘယ်သူတွေက သူတို့ကိုတာဝန်လို့ အပ်နှင်းလဲ” ဟု မေးခွန်းထုတ်လိုက်ပြီး "ဒီလို အကြမ်းဖက်ဖြိုခွင်းနည်းတွေကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ စေခိုင်းနေသူကို ဖော်ထုတ်ပေးဖို့ အစိုးရ နဲ့ လွှတ်တော်ကို တိုက်တွန်းသွားမယ်” ဟု သတင်းမီဒီယာများကို ပြောကြားလိုက်သည်။
မတ်လ ၅ရက် ညနေပိုင်းက ကျောင်းသားများကို အကြမ်းမဖက်ရေး ဆန္ဒထုတ်ဖော်သည့် ရန်ကုန်တက္ကသိုလ် အသီးသီးမှ ဆန္ဒပြ ကျောင်းသားများ ဖြိုခွင်းခံရပြီး ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်းမှ မနီလာသိန်း၊ မနုနုဇော်၊ ကိုမျိုးသန့်တို့ သုံးဦးနှင့် တက္ကသိုလ်ကျောင်းသားများဖြစ်သည့် မမေဇင်သော် (ရန်ကုန်တက္ကသိုလ်)၊ ကိုဇင်မင်းဖြိုး(ဒဂုံတက္ကသိုလ်)၊ ကိုသက်ကိုအောင်(ဒဂုံတက္ကသိုလ်)၊ ကိုဇော်လင်းထွန်း(ဒဂုံတက္ကသိုလ်)၊ ကိုပြည်ဇော် (ဒဂုံတက္ကသိုလ်)တို့ကို ရိုက်နှက်ဖမ်းဆီးကာ ဒိုင်နာကားဖြင့် တင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
၈၈ ကျောင်းသားခေါင်းဆောင်ဦးကိုကိုကြီးက “ဒီနေ့ဆန္ဒထုတ်ဖော်ပွဲကို ဖြေရှင်းတဲ့ပုံစံဟာ အရင်စစ်အစိုးရလက်ထက်က
စွမ်းအားရှင်တွေနဲ့ဖြေရှင်းတဲ့ ပုံစံမျိးကို ဘယ်သူက ဦးဆောင်ပြီး တာဝန်ပေးသလဲ အဲဒါကို ဖော်ထုတ်ဖို့လိုပါတယ်။ တာဝန်ခံဖို့လိုပါတယ်၊ အခု ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးမှုကို အမြန်ဆုံးလုပ်ဖို့ တောင်းဆိုပါတယ်”ဟု ၈၈ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ထပ်မံပြောကြားလိုက်သည်။
ရန်ကုန် စီးပွာရေးတက္ကသိုလ် တ.က.သ ဒုဥက္ကဋ္ဌ ကိုမင်းသူကျော်က "အဝတ်အစားအမျိုးမျိုးဝတ်ပြီး အရက်န့ံတစ်ထောင်းထောင်း ရနေတဲ့ သူတွေက ကန်လားကြောက်လား အရင်လုပ်ပါတယ်၊ ပြီးတော့ ရဲတွေက ဝင်ရိုက်ပါတယ်”ဟု အဆိုပါဖြစ်စဉ်ကို ရှင်းပြပြီး “အစိုးရဘက်က ဘယ်လိုဖြေရှင်းပေးမလဲ အချိန်တစ်ခုပေးမယ် ဆက်ဖြစ်နေအုံးမယ်။ လွှတ်မပေဘူးဆိုရင် လှုပ်ရှားမှု တစ်ခု ဆက်လုပ်မယ်”ဟု ၎င်းကဆိုသည်။