ရွှေပြည်သာ အလုပ်သမားသပိတ် အလုပ်သမား ၅၀ကျော် ထိန်းသိမ်းခံထားရ၊ သတင်းသမားနှစ်ဦး ပြန်လွတ်လာ

ရွှေပြည်သာ အလုပ်သမားသပိတ် အလုပ်သမား ၅၀ကျော် ထိန်းသိမ်းခံထားရ၊ သတင်းသမားနှစ်ဦး ပြန်လွတ်လာ
by -
မဇ္စျိမ

လုပ်ခ လစာတိုးမြှင့်ရေးအတွက် မတ်လ ၄ရက်က ရွှေပြည်သာမြို့နယ်မှ မြို့တော်ခန်းမသို့ ချီတက်ဆန္ဒပြသည့် အလုပ်သမားများကို လုံခြံုရေးရဲတပ်ဖွဲ့များက နေရာသုံးခုတွင် ပိတ်ပင်ပြီးနောက် ထိုနေရာ၌ပင် သပိတ်စခန်း ဖွင့်လှစ်ရာ ညနေ ၅နာရီခန့်တွင် အလုပ်သမား ၅၀ကျော်၊ အလုပ်သမားအရေး ဆောင်ရွက်သူ တစ်ဦးနှင့် သတင်းသမား နှစ်ဦးကို  ဖမ်းဆီးခဲ့သည်။

ည ၈နာရီခန့်တွင် သတင်းသမား နှစ်ဦးကို ပြန်လည် လွှတ်ပေးလိုက်သည်ဟု ဖမ်းဆီးခံရသည့် 7Day သတင်းစာမှ ဓာတ်ပုံသတင်းထောက် ကိုနစ်ကီ (ခေါ်) ကိုတင်ထွန်းအောင်က မဇ္ဈိမကို ပြောသည်။

Shwe-Pyi-Thar-Worker-Demonstration

"ကျွန်တော်က ရုန်းရင်ဆန်ခက်ဖြစ်ချိန် ဓာတ်ပုံရိုက်နေတာ အရပ်ဝတ်နဲ့လူကလှမ်းဆွဲပြီး မင်းနားမလည်ဘူးလားလို့ မေးတယ်။ ကျွန်တော်က သတင်းထောက်ဆိုပြီး လည်ပင်းက ဝန်ထမ်းကတ်ကိုပြတော့ မရဘူး။ ကင်မရာ ဖြတ်လု သွားတယ်။ လူ လေး၊ ငါးယောက်လောက်ပါလာပြီး ကားပေါ်ဆွဲတင်ပြီး ဖမ်းသွားတယ်"ဟု ကိုနစ်ကီက သူ့အတွေ့အကြံုကို ပြန်လည်ပြောပြသည်။

ဖမ်းဆီးခံရသည့် သတင်းသမား နှစ်ဦးမှာ 7Day မှ ဓာတ်ပုံသတင်းထောက် ကိုနစ်ကီနှင့် DVB သတင်းထောက် ကိုမျိုးဇော်လင်းတို့ဖြစ်ပြီး ရန်ကင်းမြို့နယ် မီကာဆာဟိုတယ် အနီးရှိ ကြေးတို်င်နှင့် မြေစာရင်းဦးစီးဌာနတွင် စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်များ ပေးခဲ့ရကာ ညပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူ ကိုသူဇော်ကြည်ဝင်းမှာမူ ပြန်လွတ်လာခြင်း မရှိသေးပေ။

"ကျွန်မတို့ကလေးတွေကို ပါးတွေနားတွေကို ရိုက်တယ်။ ဆွဲခေါ်သွားတယ်။ စွမ်းအားရှင်အယောက် ၂၀၀ ဝန်းကျင်နဲ့ ရဲအင်အား တစ်ထောင်လောက်ရှိတယ်။ ခုအလုပ်သမားတွေက ကြောက်ပြီးထွက်ပြေးတဲ့သူတွေက ထွက်ပြေးနေတယ်"ဟု Ford Glory Garment စက်ရုံမှ မသိမ့်မိုးလွင်က မဇ္ဈိမကို ပြောသည်။

ရွှေပြည်သာ စက်ရုံသုံးရုံမှ အလုပ်သမားများ ပူးပေါင်းပြီး အင်းစိန်မြို့နယ် ဒညင်းကုန်းလမ်းဆုံ၊ ဆောက်လုပ်ရေးမှတ်တိုင် အနီးတွင် ထိုင်သပိတ် ဆင်နွှဲသည့် အလုပ်သမားများကို ဖမ်းဆီးခဲ့ပြီး ရွှေပြည်သာ စက်မှုဇုန်ရှိ အီလန်မြန်မာ စက်ရုံရှိ သပိတ်စခန်းသို့လည်း ညနေပိုင်းတွင် အာဏာပိုင်များ သွားရောက်ခဲ့သည်ဟု ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက မဇ္ဈိမကို ပြောသည်။

"ဖမ်းသွားတာ ဟုတ်တယ်။ လေးငါးယောက်လောက်တော့ ဖမ်းသွားတယ်။ အခုအီလန် မြန်မာ စက်ရုံကိုရောက်နေတယ်။ အခုစက်ရုံရှေ့က အမှိုက်တွေသွားရှင်းဖို့ပေါ့"ဟု အုပ်ချုပ်ရေးမှူးက ညနေ ၆နာရီခန့်က ပြောသည်။

ရွှေပြည်သာရှိ အီလန်မြန်မာ စက်ရုံရှေ့ သပိတ်စခန်းကိုလည်း ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့မှ လုံခြံုရေးရဲများက ညနေ ၅ နာရီခွဲခန့်တွင် ရောက်ရှိလာသဖြင့် ဆန္ဒပြအလုပ်သမားများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အီလန်မြန်မာစက်ရုံရှေ့ ဆန္ဒပြသည့် အလုပ်သမား တစ်ဦးက မဇ္ဈိမကို ပြောသည်။

ရွှေပြည်သာစက်မှုဇုန် ၂ရှိ Ford Glory Garment  နှင့် Costec အထည်ချုပ်စက်ရုံနှစ်ခုမှ အလုပ်သမားအင်အား ၁၀၀ ကျော်က မတ်လ ၄ရက် နံနက်ပိုင်းက မြို့တော်ခန်းမသို့ ချီတက်ဆန္ဒပြရာ ၎င်းတို့ကို ရွှေပြည်သာမြို့အဝင် အမှတ် ၄ လမ်းတွင် လည်းကောင်း၊ အင်းစိန်မြို့နယ် ဒညင်းကုန်းရထားသံလမ်းနှင့် ဆောက်လုပ်ရေးမှတ်တိုင်ကြားတွင် လည်းကောင်း၊ ဒညင်းကုန်လမ်းဆုံတွင် လည်းကောင်း လုံခြံုရေး ရဲများက လမ်းများပိတ်ဆို့ကာ တားဆီးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ရဲတပ်ဖွဲ့များက နေရာသုံးနေရာတွင် ပိတ်ဆို့တားမြစ်လိုက်သည့်အတွက် ချီတက်ဆန္ဒပြလာသည့် အလုပ်သမားများက ဒညင်းကုန်း ရထားသံလမ်းနှင့် ဆောက်လုပ်ရေးမှတ်တိုင်ကြား၌ပင် ထိုင်သပိတ်ဆင်နွှဲလိုက်ကြခြင်း ဖြစ်သည်။

ယင်းထိုင်သပိတ်သို့ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကိုယ်တိုင် လာရောက်တားမြစ်ခဲ့သည်။

''ညှိဖို့လုပ်ပေးတယ်။ မရဘူး အသေစွဲကိုင်ထားတယ်။ ဘယ်လိုမှ လုပ်လို့မရဘူး။ ဥပဒေနဲ့ မညီရင် အရေးယူသွားမယ်။ အခုတားထားတယ်။ ကလေးတွေ စာမေးပွဲရှိတဲ့အတွက် ခွင့်ပြုလို့မရဘူး'' ဟု နယ်လုံဝန်ကြီးက ပြောသည်။

ရန်ကုန်တိုင်းအစိုးရ၏ ထုတ်ပြန်ချက်တွင် Ford Glory  Garment နှင့် Costec အထည်ချုပ် စက်ရုံနှစ်ခုနှင့် ညှိနှိုင်းမှု ပြေလည်ပြီဟု ထုတ်ပြန်ထားပြီး အမှန်တကယ်တွင် ပြေလည်မှု မရှိသေးသည့်အတွက် ချီတက်ဆန္ဒပြရခြင်း ဖြစ်သည်ဟုလည်း ဆန္ဒပြသူများက ပြောသည်။

Most read this week