ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမ ဝါရာဇွပ် (Wa Ra Zup) ကျေးရွာရှိ တောင်သူများမှ မတ်လ ၂ရက်နေ့ တောင်သူလယ်သမားနေ့တွင်ပြုလုပ်သည့် အခမ်းအနားတွင် တောင်သူများမှ တာဝန်ရှိသူများထံ အချက် ၅ချက် တောင်းဆိုခဲ့ကြသည်။
ထိုအချက်များမှာ တောင်သူများမှ ဟူးကောင်းဒေသရှိကျေးရွာ တခုစီ၏ ရှိသင့်ရှိထိုက်သော လိုအပ်မြေများ လုံလောက်စွာ ရရှိရေး၊ မတရားသိမ်းဆည်းထားသော လယ်ယာမြေများ အားလုံးပြန်လည်ရရှိရေး၊ ယုဇနကုမ္မဏီစက်ရုံမှ ထုတ်လွှတ်သော စွန့်ပစ်အညစ်အကြေး အရည်နှင့် အနံ့ဆိုးများဖယ်ရှားပေးရေး၊ ဟူးကောင်းဒေသနေ တောင်သူများ လယ်ယာမြေထွန်းကားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ မြှင့်တင်ပေးရန်နှင့် လယ်ယာမြေများ ကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုအပ်သောဆည်၊ ရေနှင့် ရေလှောင်တမံများ တည်ဆောက်ပေးရေး စသည့် အချက်များ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
လယ်ယာမြေနှင့် ပတ်သက်၍ အသိအမြင်ရရှိစေရန်နှင့် လုံလောက်သော စိုက်ပျိုးမြေ၊ လိုအပ်မြေများရရှိကာ ဘဝတိုးတက်မြှင့်မားစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဝါရာဇွပ် (Wa Ra Zup) ကျေးရွာအုပ်စု တောင်သူများတာဝန်ခံ လရှီးအောင်လတ် (Lashi Awng Lat)က ပြောသည်။
၂၀၀၆ခုနှစ် ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမတစ်လျှောက် ယုဇနကုမ္မဏီရောက်ရှိလာချိန်မှ ဒေသခံတောင်သူများ၏ လယ်ယာမြေအားလုံး သိမ်းဆည်းပြီး ဒေသခံတောင်သူများ လယ်ယာမြေပျောက်ဆုံးကာ နေ့စဉ်ခက်ခဲမှု ပြဿနာများ ရင်ဆိုင်နေရခြင်းဖြစ်သည်။
ဟူးကောင်းချိုင့်ဝှမ်း လီဒို လမ်းမတလျှောက်ရှိ ကျေးရွာ ၁၀ရွာရှိ တောင်သူများသည် ၂၀၁၄ခုနှစ်တွင် ယုဇန ကုမ္မဏီပေါ် ‘အလိုရှိ မရှိ’ ဆန္ဒမဲများကောက်ယူခဲ့ရာ ယုဇနအလိုမရှိကြောင်း ဆန္ဒမဲအများစုရရှိခဲ့ပြီး သတင်းစာရှင်းလင်းမှုများလည်း ပြုလုပ်ခဲ့သည်။
ဆုံးရှှုံးသွားသည့် လယ်ယာမြေများပြန်လည်ရရှိရန် တရားဥပဒေနည်းလမ်းမှ အချက် ၂ချက်ဖြင့် ကြိုးစားနေဆဲဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ ကချင်ပြည်နယ် ခေါင်းဆောင် ဒေါ်ဘောက်ဂျာမှ ပြောသည်။
“ယခင်က ဆုံးရှံှုးသွားတဲ့ နယ်မြေများကို ဆက်ပြီး ပြန်လည်ရရှိဖို့ ကြိုးစားနေချိန်မှာ ဥပဒေက တရားများ အများကြီး ပြောင်းလဲလာတာကို တွေ့ရတယ် အရင်က ပြေစာအထောက်အထားမရှိရင် သိမ်းပေးလိုက်တာတွေ အများကြီးပဲ ဒါပေမယ့်အခုက ပြေစာတွေ အထောက်အထားတွေ မရှိရင်လည်း တစ်သက်လုံး ဒီတောင်သူလုပ်ငန်းကို လုပ်ကိုင်စားသောက်ခဲ့တာတွေ တင်ပြခဲ့ချိန်မှာ သမ္မတကနေ တကယ်လုပ်ငန်းလုပ်ကိုင်စားသောက်နေတဲ့ပတ်ဝန်းကျင်က ၄ ယောက်ထောက်ခံပေးရင် ပြန်ရနိုင်တယ်ဆိုတာနဲ့ ၁၉၈၄ မြေသိမ်းဥပဒေနဲ့ ကိုက်ညီ မကိုက်ညီကြောင်းကို အချိန်ယူပြီး ရှင်းလင်းပေးတဲ့ တချို့ကို တွေ့လာရတယ်။ စီမံကိန်းအရ ၆လအတွင်းအကောင်အထည်မဖော်လျှင် မူလပိုင်ရှင်အတိုင်း ပျက်ပြယ်သွားမယ်ဆိုတာမျိုးနဲ့ အမျိုးသားမြေအသုံးချမှု မူကြမ်းကိုလည်း ဆက်လက်ကန့်ကွက်နေတယ်” ဟု ကချင်သတင်းဌာန သို့ပြောသည်။
ယုဇနကုမ္မဏီရောက်ရှိလာခြင်းကြောင့် ဟူးကောင်းချိုင့်ဝှမ်းလီဒိုလမ်းမ တစ်လျှောက်ရှိဒေသခံများသည် လုပ်ကိုင်စားသောက် မည့် မြေနေရာများပျောက်ဆုံးကာ ကျွဲ၊ နွားများ ပျောက်ဆုံးပြီး ဆုံးရှံှုးနှစ်နာမှုများ ခံစားနေရသောကြောင့် တောင်သူ များက တောင်သူလယ်သမားနေ့တွင် တောင်းဆိုမှုများပြုလုပ်နေခြင်းဖြစ်သည်။
ဝါရာဇွပ် (Wa Ra Zup) ကျေးရွာတွင် ပြုလုပ်သည့် တောင်သူလယ်သမားများနေ့အခမ်းအနားတွင် ဒေသခံတောင်သူများ ၁၀၀ခန့် တက်ရောက်ပြီး အထက်တန်းရှေ့နေ ဦးမာခါးမှ လယ်ယာမြေနှင့် ပတ်သက်သည့် အသိအမြင်ပညာပေးခြင်းများ ပြုလုပ်ခဲ့သည်။