အမျိုးသားပညာရေးဥပဒေကြမ်းကိစ္စဆွေးနွေးပွဲလာရောက်သည့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီမှ ကျောင်း သားကိုယ်စားလှယ်အချို့ နေပြည်တော်သို့ဝင်ရောက်လာချိန်မှ စတင်၍ လုံခြံုရေးရဲတပ်ဖွဲ့များ အနေဖြင့် ကျောင်းသားများစီးနင်း လာသောယာဉ်နောက်သို့ ထပ်ကြပ်မကွာနောက်ယောင်ခံ လိုက်နေခြင်းသည် လွတ်လပ်ပြီးပွင့်လင်းမြင်သာမှု မရှိဟု ကျောင်းသားခေါင်းဆောင်အချို့က ပြောသည်။
ကျောင်းသားခေါင်းဆောင် ကိုနန်းလင်းက “လက်ရှိအနေထားမှာတော့ဦးဆောင်ကော်မတီက ၁၅ဦးလုံး စောင့်ကြည့်ခံရ တာဖြစ်တယ်၊ အခုလည်း သတင်းတပ်ဖွဲ့အနေနဲ ကားသုံးစီးနဲ့နောက်ယောင်ခံလိုက်ပြီသတင်းယူနေတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီလိုအနေအထားကျွန်တော်တို့မကြိုက်ပါဘူး” ဟု ဆိုသည်။
ကျောင်းသားခေါင်းဆောင်များသည် ရန်ကုန်မှ နေပြည်တော်သို့ မတ်လ ၄ရက်နေ့ ည ၆ နာရီခန့် ၀င်ရောက်ချိန်မှစ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်းအထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျောင်းသားခေါင်းဆောင်များအား အရပ်ဝတ်ဖြင့့် နောက်ယောက်ခံ လိုက်ပါနေခြင်းဖြစ်သည်။
ကျောင်းသားများအနေဖြင့် သပိတ်မှောက်ခြင်းသည် အမျိုးသားပညာရေးဥပဒေအားပြင်ဆင်ရန် အစိုးရကို တွန်းအားပေးခြင်းဖြစ်သော်လည်း ယခုနေပြည်တော်သို့လာရောက်ခြင်းသည် လွှတ်တော်တွင် ဥပဒေအား ညှိနှိုင်းဆောင် ရွက်ရန် ဖြစ်သည်ဟု ၎င်းက ပြောသည်။
သို့သော် လက်ပံတန်းမြို့သို့ရောက်ရှိနေသော အမျိုးသားပညာရေး ပင်မသပိတ်စစ်ကြောင်းသည် ပညာရေးဥပဒေကြမ်းပြင်ဆင်ရန် သပိတ်ဆင်နွဲရခြင်းဖြစ်သော်လည်း လွှတ်တော်တွင်ညှိနှိုင်းမည့် အစည်းအဝေးကိုုမူ သပိတ်ကြောင့်အပျက်ခံမည် မဟုတ်ကြောင်း သိရသည်။
“ကျွန်တော်တို့က သပိတ်မှောက်တာ ဘာလို့မှောက်လဲဆိုရင် လွှတ်တော်မှာ ဒီဥပဒေကိုပြင်ဆင်စေချင်လို့ ကျွန်တော်တို့ သပိတ်ဆက်မှောက်တာ။ လွှတ်တော်က အတည်ပြုလိုက်တဲ့အခါမှာ ကျွန်တော်တို့က သူတို့အနေအထားနဲ့ ပုံစံတစ်ခုပေါ့ဗျာ။ သူတို့ကြောင့် ဒီလွှတ်တော်က လုပ်ငန်းစဉ်ကို အပျက်ခံမှာမဟုတ်ဘူး” ဟု ကိုနန်းလင်းက ဖြည့်စွက်ပြောသည်။
မတ်လ ၅ရက်နေ့တွင် အမျိုးသားလွှတ်တော် အပေါ်ထပ်ရှိ အစည်းအဝေးခန်းမတွင် စတင်ဆွေးနွေးမည့် အမျိုးသားပညာရေး ဥပဒေကြမ်း ဆွေးနွေးပွဲသို့တက်ရောက်မည့် ကျောင်းသားကိုးဦးတို့ နေပြည်တော်ကိုရောက်ရှိနေပြီး လက်ပံတန်းသပိတ်စခန်း တွင် ရောက်ရှိနေသော ကျောင်းသားခေါင်းဆောင် ၆ဦးမှာမူ ရဲတပ်ဖွဲ့ဝင်များ ပိတ်ဆို့ခံထားရခြင်းကြောင့် အစည်းအဝေး တက်ရောက်နိုင်မည် မဟုတ်ကြောင်းသိရသည်။
လက်ပံတန်းသပိတ်စခန််းတွင်ပိတ်ဆို့ခံထားရသော ကျောင်းသားခေါင်းတစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က “နေပြည်တော်မှာ အစည်းအဝေးတက်ရောက်မယ့် ဦးဆောင်ကော်မတီဝင် ကိုးဦးက ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီကို ကိုယ်စားပြုပါတယ်” ဟု ပြောသည်။
မတ်လ ၄ရက်နေ့ ည ၈းဝဝနာရီ အချိန်ထိ လက်ပံတန်းမြို့ရှိ ကျောင်းသားသပိတ်စခန်း နောက်ဆုံးရသတင်းမှာ ထိုင်သပိတ် ဆန္ဒဖော်ထုတ်နေသော ကျောင်းသားများအား ဂိတ်အထပ်ထပ်ပိတ်ဆို့ကာ ရဲတပ်ဖွဲ့ဝင်တို့ နေရာအပြည့် ယူထားပြီး ပြည်သူနှင့် ကျောင်းသားများ ဆက်သွယ်မှု အခက်အခဲနှင့် ထမင်းထုပ်ကားဝင်ရန်ပင် မလွယ်ကူကြောင်း မဖြိုးဖြိုးအောင်က ဆိုသည်။