၁၉၉၉ မှ ၂၀၀၉ အထိ စစ်အစိုးရ၏ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး ဆယ်နှစ်စီမံကိန်း အောင်မြင်မှုမရှိကြောင်းသျှမ်းပြည် မူးယစ် စောင့်ကြည့်ရေးအဖွဲ့ Shan Drug Watch က သုံးသပ်ပြောဆိုသည်။
စစ်အစိုးရ၏ မူးယစ်တိုက်ဖျက်ရေး ၁၅ နှစ်စီမံကိန်း (၁၉၉၉ - ၂၀၁၄) ဘိန်းစိုက်ပျိုးမှုကင်းမဲ့ဇုံလျာထားချက်အရ (၁၉၉၉ - ၂၀၀၄) ပထမ ၅ နှစ်စီမံကိန်း ၂၂ မြို့ နယ်၊ ဘိန်းစိုက်ကင်းဇုံ (၂၀၀၄ - ၂၀၀၉ ) ဒုတိယ ၅ နှစ်စီမံကိန်း ၂၀ မြို့နယ် ၊ ၂၀၀၉ - ၂၀၁၄ တတိယ ၅ နှစ် စီမံကိန်း ၉ မြို့နယ် ရည်မှန်းသတ်မှတ်ခဲ့သော်လည်း ပထမ ၅ နှစ် နှင့် ဒုတိယ ၅ နှစ်စီမံကိန်း ၄၂ မြို့နယ်အနက် ၂၉ မြို့နယ်မှာ စီမံကိန်းလုံးဝ အကောင်အထည် ဖော်နိုင်ခြင်းမရှိသေးကြောင်း ထောက်ပြပါသည်။
“၁၀ နှစ်တာအတွင်း စစ်အစိုးရရဲ့ ဘိန်းစိုက်ကင်းဇုံလျာထားချက် ၁၃ မြို့နယ် ဘိန်းခြံ ပျောက်သွားတယ်ဆိုပေမယ့်၊ အများစု က နအဖစစ်တပ် ထိန်းချုပ်နိုင်တဲ့ ဒေသတွေ မဟုတ်ဘူး။ ဘိန်းထွက်အများဆုံး ဒေသဖြစ်ခဲ့ဖူးတဲ့ ၀ နယ်၊ ဒုတိယအများဆုံး ကိုးကန့် နယ်တွေဆိုတာ အပစ်ရပ်အဖွဲ့တွေဘဲ စွမ်းဆောင်ခဲ့တာ။ ဒါတောင် ၁၅ နှစ်စီမံကိန်းထဲမပါဘဲ ဘိန်းစိုက်နေတဲ့မြို့နယ် တချို့ ရှိသေးတယ်” - ဟု သျှမ်းပြည် မူးယစ်စောင့်ကြည့်လေ့လာရေး အဖွဲ့ တာဝန်ခံက ပြောပါသည်။
စစ်အစိုးရ၏ ပထမ ၅ နှစ် စီမံကိန်း (၂၂ မြို့နယ်)တွင် ဘိန်းဆက်စိုက်ဆဲ ၁၅ မြို့နယ်၊ ဒုတိယစီမံကိန်း (၂၀ မြို့နယ်)တွင် ၁၄ မြို့နယ်ကျန်နေသေးကြောင်း၊ ၂၀၀၉ - ၂၀၁၄ တတိယ ၅ နှစ်စီမံကိန်း (၉ မြို့နယ်) သတ်မှတ်ချက်တွင် သျှမ်းပြည် တောင်ပိုင်း ၅ မြို့နယ်၊ ကယားပြည် ၂ မြို့နယ်၊ ကချင်ပြည် ၂ မြို့နယ်တို့ ဖြစ်သည်ဟုဆို၏။
ပပျောက်ရေးစီမံကိန်းထဲ၌ထဲ ထည့်မထားဘဲ ဘိန်းစိုက်နေသည့်မြို့ နယ်များအနက် သျှမ်း/မြောက် ၄ မြို့နယ်၊ သျှမ်း/အရှေ့ ၁ မြို့နယ်၊ သျှမ်း/တောင် ၂ မြို့နယ်၊ ကချင် ၃ မြို့နယ်၊ ကယား (ကရင်နီ) ၁ မြို့နယ် နှင့် ချင်း ၃ မြို့နယ် ပါ၀င်နေကြောင်း ၎င်းင်းကဆက် ရှင်းပြပါသည်။
“UNODC က ထုတ်ပြန်ချက်နဲ့ ကျနော်တို့ရဲ့သုတေသနအချက် အလက်က မတူဘူး။ ကျနော်တို့က ဘိန်းစိုက်ရာသီ လွန်မြောက်တာနဲ့ စူးစမ်းလေ့လာချက်တွေထုတ်ပြန်တာ။ သူတို့က ကျနော်တို့ထက် တနှစ်နောက်ကျတယ်။ ၂၀၀၇-၂၀၀၈ အခြေအနေကို ထုတ်ပြန်တာ” - ဟု တာဝန်ခံက ပြော၏။ UNODC ထုတ်ပြန်ကျေငြာချက်တွင် ၂၀၀၈ အတွင်း မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု ၃၆% တိုးလာကြောင်း အထူးသဖြင့် သျှမ်းပြည်အရှေ့ပိုင်း နှင့်တောင်ပိုင်းတွင်ဖြစ်ကြောင်း ဖော်ပြထားသည်။
သျှမ်းပြည် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ၂၀၀၈ - ၂၀၀၉ ဘိန်းစိုက်ပျိုးမှု အနေအထားသာမက အခြားဒေသအပါအဝင် ၁၀ နှစ် အတွင်း သုတေသနြုပချက်အစီရင်ခံစာကို ဂျွန် ၂၆ ရက် (ကမ္ဘာ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့) ၌ အင်္ဂလိပ် ဘာသာဖြင့် www.shanland.org ၀က်ပ်ဆိုက်စာမျက်နှာ၌ တင်ပြသွားမည်ဟုသိရသည်။ သျှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်လေ့ရေး အဖွဲ့ထုတ်ပြန်ခဲ့ဘူးသော မူးယစ်ဆိုင်ရာ အစီရင်ခံစာများမှာ - ၂၀၀၃ Show Business I ၊ ၂၀၀၅ Show Business II ၊ ၂၀၀၆ တွင် Hand in Glove ၊ ၂၀၀၇ တွင် Shan Drug Watch Newsletter ( Issue I)၊ ယခု ၂၀၀၉ ၌ စာမျက်နှာ ၁၆ မျက်နှာရှိ Shan Drug Watch Newsletter (Issue II) ဖြန့်ချီသွားမည်ဟု သိရပါသည်။
Published
Thursday, June 25, 2009 - 19:58
စစ်အစိုးရ၏ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး ဆယ်နှစ်စီမံကိန်း အောင်မြင်မှုမရှိ
၁၉၉၉ မှ ၂၀၀၉ အထိ စစ်အစိုးရ၏ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး ဆယ်နှစ်စီမံကိန်း အောင်မြင်မှုမရှိကြောင်းသျှမ်းပြည် မူးယစ် စောင့်ကြည့်ရေးအဖွဲ့ Shan Drug Watch က သုံးသပ်ပြောဆို ...