သျှမ်းပြည် ညီညွတ်ရေး ကော်မတီ CSSU၏ နှစ်ပတ်လည် အစည်းအဝေးကို ထိုင်းနယ်စပ် တစ်နေရာတွင် ဖေဖော်ဝါရီလ ၂၅ မှ ၂၇ရက်အထိ ကျင်းပရာ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်အား အဖွဲ့ခေါင်းဆောင်အဖြစ် တစ်နှစ် တာဝန် ပေးအပ်လိုက်ကြောင်း သိရသည်။
“ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်ကို တစ်နှစ် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တယ်။ လုပ်ငန်းကွင်းဆင်း လုပ်ကိုင်ဖို့ကိုတော့ အထွေထွေအတွင်းရေးမှူးအဖြစ် ကျနော် စဝ်ပင်ခမ်းကို ရွေးချယ် တယ်။ မနှစ်က ဘန်ကောက်ထိပ်သီး အစည်းအဝေး သဘောတူညီချက် အရပေါ့။ အချက် အလက် တော်တော်များများကို ဆွေးနွေးသဘောတူနိုင်ခဲ့ပါတယ်” ဟု ဆရာ စဝ်ပင်ခမ်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။
“ဒီနှစ်အတွက်တော့ သျှမ်းပြည်လူထုကနေ သျှမ်းပြည်ညီညွတ်ရေးကော်မတီကို ပိုမိုသိရှိနားလည်လာအောင် တာဝန်ရှိပုဂ္ဂိုလ်တွေကနေ သွားပြီးကွင်းဆင်းရှင်းပြပါမယ်” ဟုလည်း စဝ်ပင်ခမ်း က ဆက်လက်ပြောဆိုသည်။
သုံးရက်ကြာ ကျင်းပခဲ့သော ထို နှစ်ပတ်လည်အစည်းအဝေးကို RCSS/SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်၊ SNDP ကျားဖြူပါတီမှ စောသန်းမြင့် ၊ စိုင်းအောင်မြင့်ခိုင်၊ သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC မှ SNLD ကျားခေါင်းပါတီ ဥက္ကဌ ခွန်ထွန်းဦးနှင့် SSPP/SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်၊ စိုင်းဖုန်းဟန်၊ စိုင်းမွန်းလျန်း၊ စိုင်းရွှေကြူး အစရှိသည့် အကြီးအကဲများနှင့်အတူ သျှမ်းလူမှုအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၊ ပညာရှင််များတက်ရောက်ခဲ့ကြ သည်။
“ဒီနှစ်အတွက်တော့ သျှမ်းပြည်လူထုကနေ သျှမ်းပြည်ညီညွတ်ရေးကော်မတီကို ပိုမိုသိရှိနားလည်လာအောင် တာဝန်ရှိပုဂ္ဂိုလ်တွေကနေ သွားပြီးကွင်းဆင်းရှင်းပြပါမယ်” ဟု စဝ်ပင်ခမ်း ကပြောသည်။
အစည်းအဝေးသို့တက်ရောက်သည့် အဖွဲ့အစည်းကြီး ၃ဖွဲ့ရှိပြီး အဖွဲ့အစည်းအသေး ၅ဖွဲ့ရှိကြောင်း သိရပါသည်။
သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ကို ၂၀၁၃ အောက်တိုဘာလ ၁၅ရက်နေ့၌ SNLD၊ SNDP၊ RCSS/SSA ၊ သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်းပြီး ဖွဲ့စည်းထူထောင်ခဲ့ သည်။ ထိုအချိန်မှစပြီး ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က ယာယီဦးဆောင်လာခဲ့ပြီး ယခုညီလာခံမှ ခေါင်းဆောင်အဖြစ် တရားဝင် တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။