သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်းရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/ SSA) လူငယ် အရည်အချင်းမြင့်တင်ရေး သင်တန်းကျောင်းကို အစိုးရ တပ်မတော်မှ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့က လာရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်ထောင်စုနေ့က ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း RCSS/ SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး စိုင်းမိန်းက သည်။
“အစိုးရတပ်မတော်က ကျနော်တို့သင်တန်းပေးနေချိန် လာတိုက်တာ။ ကျနော်တို့ ကင်းအဖွဲ့နဲ့ ထိပ်တိုက်ဖြစ်တဲ့ တိုက်ပွဲပါ။ တစ်နာရီကျော်ကြာတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ ဒါ ပြည်ထောင်စုနေ့က ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကတိပြုချက် လက်မှတ်ထိုးပြီးနောက်ပိုင်း ပထမဆုံး ဖြစ်တဲ့တိုက်ပွဲပဲ။ ဒီကိစ္စ နေပြည်တော်ကိုလဲ မပြောရသေးဘူး” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းမိန်းက ပြောသည်။
မွန်းလွဲ ၁ : ၁၀ နာရီ မှ ၂: ၃၀ နာရီ အချိန်အထိ ဖြစ်ပွားခဲ့သော ထိုတိုက်ခိုက်မှုသည် အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ လင်းခေးခရိုင် မိုးနဲမြို့ အခြေစိုက် အမှတ် ၂၄၈ ခြေလျင် တပ်ရင်းမှ အင်အား ရ၀ခန့်က မောက်မယ်မြို့နယ် ဝမ့်နားကျေးရွာအုပ်စု၊ ဆောင်ကျေးရွာ၏ မြောက်ဘက် ရှိ မောက်မယ်ဒေသခံ လူငယ်များ စွမ်းရည်မြင့်တင်ရေး သင်တန်းသို့ လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဝမ့်နားကျေးရွာအုပ်စုသည် မောက်မယ်မြို့ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်ဝေးသည်။
တိုက်ပွဲကြောင့် နှစ်ဘက်သေကြေဒဏ်ရရှိမှု အတည်ပြုချက်မရသေးပေ။ သို့သော်လည်း သျှမ်းပြည်တပ် မတော်မှ လူငယ်စွမ်းရည်မြင့် သင်တန်းကျောင်းဖွင့်လာသည်မှာ ၁ လကျော်ရှိပြီဖြစ်ပြီး တိုက်ပွဲကြောင့် လက်ရှိသင်တန်း ရပ်နားထားရသည်ဟုလည်း ဒေသခံရပ်မိရပ်ဖ တစ်ဦးက ပြောသည်။
သျှမ်းပြည်မြောက်ပိုင်း ကိုးကန့် ဒေသအတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေချိန် ဖေဖေါ်ဝါရီ ၁၂ရက် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့တွင် သျှမ်းပြည်တပ်မတော် RCSS/SSAနှင့် ဦးသိန်းစိန် အစိုးရတို့ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိကဝတ် လက်မှတ်ရေးထိုးခဲ့သည်။ ငြိမ်းချမ်းရေးအတွက် လက်တွဲတည်ဆောက်ရန် ဖေဖေါ်ဝါရီ ၁၃ရက်နေ့က ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့လည်း တွေ့ဆုံခဲ့ကြသေးသည်။