သေဆုံးသူ မိသားစုအတွက် က.လ.လ.တ လျော်ကြေးပေးမည်

သေဆုံးသူ မိသားစုအတွက် က.လ.လ.တ လျော်ကြေးပေးမည်
by -
ကန္တာရဝတီတိုင်းမ်

ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)မှ တပ်သားတစ်ဦး၏ ပစ်ခတ်မှုကြောင့် သေ ဆုံးသွားသော လယ်ထွဲကျေးရွာနေ ကိုဖိုးသား၏ ကျန်ရစ်သူမိသားစု အား လျော်ကြေးပေးဆောင်ရန်အတွက် က.လ.လ.တ နှင့် မိသားစုများဆွေးနွေးသဘောတူမှုရပြီဖြစ်ကြောင်း သိရသည်။

က.လ.လ.တ မှ သေဆုံးသူ၏ စျာပနတွင်ကုန်ကျခဲ့သော ကုန်ကျစရိတ် ၂၅သိန်း၊ ကျန်ရစ်သူ ဇနီးနှင့် ကလေးအတွက် ထောက်ပံ့ငွေ သိန်း ၁၀၀ကို ပေးလျော်ရန် သဘောတူခဲ့ကြောင်း က.လ.လ.တ လူငယ်အဖွဲ့ထံမှ သိရသည်။

kllt-kill

ကျန်ရစ်သူမိသားစုများမှ လျော်ကြေးငွေအပြင် တရားခံအား နိုင်ငံတော်ဥပဒေအပြင် အဖွဲ့အစည်း၏ မူဝါဒအရ အရေးယူပေးရန်၊ အခွန်ကောက်ခံသည့်ကိစ္စများနှင့်ပတ်သက်၍ တိကျပြတ်သားစွာ ရှင်းလင်းပေးရန်၊ မလိုအပ်သော ဂိတ်များကို ဖြုတ်ပေးရန် စသည့် အချက် ၈ ချက်ကို တောင်းဆိုခဲ့ကြောင်းသိရသည်။

အဆိုပါ မိသားစု၏ တောင်းဆိုချက်များကို က.လ.လ.တ လူငယ်အဖွဲ့မှ ထောက်ခံကြောင်း အဖွဲ့ နာယက ဖြစ်သူ မအယ်ဗာလင်းကပြောသည်။

“ဒီရှစ်ချက်လုံးကို အမတို့ ကလလတလူငယ်တွေ အနေနဲ့ လုံးဝထောက်ခံတယ်။ ဒီလိုတောင်းဆိုရမယ် လူထုတွေကလည်း အမြင်ကြီးပြီး သဘောထားလည်း အရမ်းကြီးတယ်လို့ မြင်တယ်။ အချက်ရှစ်ချက်ကို ကလလတ ကလည်း လက်ခံတယ် ဆိုပြီးဆွေးနွေးသွားကြတယ် ” ဟု မအယ်ဗာလင်းက ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

သေဆုံးသူအတွက် အခုလိုဆောင်ရွက်ပေးရာတွင် ကျေနပ်မှုမရှိခဲ့ပေမဲ့ အဆင်ပြေနိုင်အောင် ညှိနှိုင်းခဲ့ရခြင်းဖြစ်ပြီး နောင်တွင်လည်း ယခုလိုအခြေနေမျိုး မဖြစ်စေရန်၊ ပြဿနာ ထပ်မံမဖြစ်ပွားဖို့ရန်အတွက် သဘောတူညီခဲ့သည်ဟု သေဆုံးသူ၏ ယောက္ခမ ဖြစ်သူကပြောသည်။

“ကိုယ့်သားသမီးကို ရောင်းတာမဟုတ်ဘူး။ ကိုယ့်သားသမီးပဲပြန်လိုချင်တယ်။ ဒီပိုက်ဆံ သိန်းတစ်ရာမပြောနဲ့ သိန်းတစ်ထောင်ပေးလည်း မလိုချင်ဘူး။ အသက်တစ်ချောင်းကို သိန်းတစ်ရာနဲ့ လဲရတာ အမျိုးမှမဟုတ်ဘဲ” ဟု ပြောသည်။

၎င်းဖြစ်ရပ် ဖြစ်ပွားပြီးနောက် က.လ.လ.တ အဖွဲ့အစည်းအနေဖြင့် လက်နက်ကိုင်ဆောင်မှုနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများ ပြန်လည်ချမှတ်သွားရန် လိုအပ်ကြောင်းလည်း မအယ်ဗာလင်းကဆိုသည်။

ခွန်ဖိုးသားမှာ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က မဲပြာကျေးရွာမှ ထင်းတင်၍ ထော်လဂျီနှင့်အပြန် လွိုင်လင်လေးကျေးရွာ အထွက်တွင် ကလလတ တပ်သား မောင်အို့မှ M-16 သေနတ်ဖြင့် ဦးခေါင်းကို အနီးကပ် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့သည်။

Most read this week