မွန်ပြည်နယ်အတွင်း ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်း ၉၀ရာခိုင်နှုန်း ရွေးချယ်ပြီး သွားပြီးဖြစ်ကြောင်း USDP ပါတီ မွန်ပြည်နယ်၊ အတွင်းရေးမှူး ဦးသန့်ဇင်က ပြောသည်။
“လွှတ်တော်ကိုယ်စားလှယ်ထဲမှာလည်း အောင်နိုင်ချေရှိတဲ့သူတွေကို ပါတီကစိစစ်ရွေးချယ်သွားမယ်၊ ၁၀ ရာခိုင်နှုန်း ကတော့မသေချာသေးဘူး အပြောင်းအလဲတွေ ရှိသေးတယ်” ဟု ဦးသန့်ဇင်က ဆက်ပြောသည်။
ပါတီထဲမှ အောင်နိုင်ချေရှိသည့် ကိုယ်စားလောင်းများကို ယခု ပထမအကြိမ်စိစစ်ခဲ့ပြီး နောက်လာမည့် ဒုတိယအကြိမ်တွင် ၁၀ဝရာခိုင်နှုန်း အပြီးသတ် ရွေးချယ်သွားနိုင်သည့် အနေအထားရှိသည်ဟု ၄င်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲကို ယခုနှစ်မကုန်ခင် အောက်တိုဘာလ နောက်ဆုံးအပတ် သို့မဟုတ် နိုဝင်ဘာလ ပထမအပတ်တွင် ကျင်းပပြုလုပ်မည်ဟု ရွေးကောက်ပွဲရွေးကောက်ပွဲကော်မရှင်က ထုတ်ဖေါ်ပြောကြားခဲ့သော် လည်း ကျင်းပမည့်ရက် အတိအကျကို သြဂုတ်လတွင်ထုတ်ပြန်နိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက ၄င်းတို့ပါတီ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို မြို့နယ်အသီးသီးက သူ့နည်းသူ့ဟန်ဖြင့် ရွေး ချယ်စိစစ်၍ စာရင်းများကို ပါတီဗဟိုဌာနချုပ်သို့ တင်ပြမည်ဟု ပြောသည်။
“ဗဟိုဌာနချုပ်က တောင်းဆိုလာတာကတော့ ကိုယ်နည်းကိုယ့်ဟန်နဲ့ ရွေးချယ်သွားရမယ်၊ ပြီးရင် ဗဟိုကို တင်ပြရုံပဲ၊ ကျနော်တို့ ချောင်းဆုံမြို့နယ်အတွက်ကို ဒီလာမယ့် မေလမှာ အပြီးသတ် ရွေးချယ်နိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ဆိုသည်။
မိမိတို့ ပါတီအနေဖြင့် မွန်ပြည်နယ် ဘီးလင်း၊ သထုံစသည့် မြို့နယ်များနှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း၊ စည်းရုံးရေးကိစ္စရပ်များကိုလည်း ကိုယ့်အစီအစဉ်နှင့် ကိုယ် ပြုလုပ်သွားကြရန် ရှိကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ မွန်အမျိုးသားပါတီ (MNP) အနေဖြင့်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ရန် ရည်ရွယ်ထားသော်လည်း ပြင်ဆင်မှု တစ်စုံတရာပြုလုပ်ထားမှုမရှိသေးကြောင်း၊ လာမည့် ၂၈ရက်နေ့ ဗဟိုကော်မတီ၏ ပထမအကြိမ်ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေး သွားမည် ဖြစ်ကြောင်း ပါတီတွဲဖက်အတွင်းရေးမှူး (၂) ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မဲထည့်နိုင်မည့် မဲဆန္ဒရှင်များစာရင်းကို မတ်လ ၃ ရက်နေ့တွင် မွန်ပြည်နယ်တွင် စတင်ကောက်ယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းပြုစုခြင်း ပထမအဆင့်တွင် ၂၀၁၄ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ လည်းကောင်း၊ ဒုတိယအဆင့်ကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလအထိ လည်းကောင်း၊ တတိယအဆင့်ကို ၂၀၁၅ခုနှစ် ဇန်နဝါရီလမှ မတ်လအထိလည်းကောင်း၊ စတုတ္ထအဆင့်ကို ဖေဖော်ဝါရီလမှ ဧပြီလအထိလည်းကောင်း ဆောင်ရွက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လျာထားသည်။