လောက်ကိုင်မြို့နှင့် ၂၅မိုင်ခန့်ဝေးသော လူဦးရေအားဖြင့် ငါးသောင်းခန့်နေထိုင်သည့် ကွမ်းလုံမြို့ကို ပစ်ခတ်တိုက်ခိုက်မည့် သတင်းများ ထွက်ပေါ်နေသည်ဟု ကွမ်းလုံမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းမြို့ က ဖေဖော်ဝါရီ ၂၇ရက်တွင်ပြောသည်။
''ဟိုနေရာကို ဘယ်လိုလုပ်မယ်၊ ဒီနေရာကို ဘယ်လိုလုပ်မယ်။ ညဘက်မှာ ပြောက်ကျားပုံစံဝင်တိုက်မယ်ဆိုပြီး သတင်းတွေ ထွက်နေတော့ ဂရုစိုက်ရတာပေါ့။ ထိတ်လန့်မှုတွေတော့ ရှိတာပေါ့ဗျာ''ဟ ုဆေးရုံအုပ်ကြီး ကပြောသည်။
ထို့ပြင် ကွမ်းလုံနှင့်လောက်ကိုင်သို့ ဆက်သွယ်ထားသော သံလွင်မြစ်ပေါ်တွင် ဆောက်လုပ်ထားသည့် ကွမ်းလုံကြိုးတံတား ကိုလည်း ပစ်ခတ်ဖျက်ဆီးမည်ဟု သတင်းများ ထွက်ခဲ့သေးသည်ဟုလည်း ဆိုသည်။
သက်တမ်းအားဖြင့် နှစ်ပေါင်းငါးဆယ်ရှိနေပြီဖြစ်သော ကွမ်းလုံကြိုးတံတားကို ၁၉၆၅ခုနှစ်ကတည်း က ဆောက်လုပ် ထားခြင်းဖြစ်ကာ ကွမ်းလုံ-လောက်ကိုင်သို့ ဆက်သွယ်ထားသည့် တစ်ခုတည်းသော တံတားဖြစ်သည်။
ထိုသို့ သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ကွမ်းလုံ ကြိုးတံတား အပါအဝင် ကွမ်းလုံမြို့တွင်း သာမက မြို့အပြင်ဘက်ရှိ တောင်တန်းများ၊ လျှိုများတွင်ပါ အစိုးရတပ်က လုံခြံုရေးယူထားသည်ဟု ကွမ်းလုံမြို့၏ လက်ရှိအခြေအနေကို မြို့ခံ တစ်ဦးဖြစ်သူ ကိုကျော်ဇောက ဆိုသည်။
''တရားဥပဒေစိုးမိုးရေးတော့ရှိပါတယ်။ သတိဝီရိယနဲ့နေကြတဲ့ အနေအထားမျိုးတော့ရှိတာပေါ့။ စစ်ပြေးတွေက သွားနေ ကြတော့ တံခါးတွေ ဘာတွေ ပိတ်ထားကြတာနဲ့ဆိုတော့ မြို့ကတော့ခြောက်ကပ်နေတာပေါ့ဗျာ''ဟု ကိုကျော်ဇောကဆို သည်။
ကွမ်းလုံမြို့သည် ဖေဖော်ဝါရီ ၉ရက်ကစပြီး အစိုးရစစ်တပ်နှင့် ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ ့တို့အကြား တိုက်ပွဲများဖြစ်ပွားသည့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် လောက်ကိုင်မြို့နှင့် ၂၅မိုင်ခန့်သာဝေးပြီး ကားဖြင့် သွားမည်ဆိုပါက တစ်နာရီခွဲကြာမောင်းနှင်ရမည် ဖြစ်သည်။