မိမိမြေပြန်လည်ရရှိရေး ၁၁လကြာ သပိတ်စခန်းဖွင့် တိုက်ပွဲဝင်နေသည့် မိကျောင်းကန်ဒေသခံ ၁၈ဦးကို ဖေဖော်ဝါရီ ၂၆ရက်က နံနက် ၃နာရီဝန်းကျင်က ဖမ်းဆီးခဲ့ပြီး သပိတ်စခန်းကိုလည်း စည်ပင်ရဲတပ်ဖွဲ့က ဖျက်သိမ်းလိုက်ပြီဖြစ်သည်။
ထိုသပိတ်စခန်းမှာ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံဘေးတွင် ဖွင့်လှစ်ထားသည့် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အပိုင်း(၁)၊ (၂)၊ (၃)မှ ဒေသခံများက အဆိုပါ မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒထုတ်ဖော်နေသူများက မိမိတို့သိမ်းဆည်းခံရသည့် မြေကိုလည်းကောင်း၊ အလားတူ ကာလတန်းဖိုးရှိသည့် နစ်နာကြေးကိုလည်းကောင်း၊ အစားထိုးမြေကို လည်းကောင်း၊ ပြန်လည်ရရှိရေးအတွက် တောင်းဆိုနေကြသည့် ဆန္ဒထုတ်ဖော်နေသူများဖြစ်သည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်သည့်အဖွဲ့က မြောင်းတူးဖော်ရန်အတွက် သပိတ်စခန်း ဖျက်သိမ်းပေးရန်ဆိုကာ ဖေဖော်ဝါရီ ၂၅ရက် (ယမန်နေ့)နံနက် ရနာရီက လာရောက်ပြောကြားခဲ့ ပြီးနောက် ဖေဖော်ဝါရီ ၂၆ရက် နံနက် ၃နာရီကျော်တွင် မိကျောင်းကန် သပိတ်စခန်းကို စည်ပင်သာယာ ရဲတပ်ဖွဲ့ လူအင်အား ရာကျော်ဖြင့် ဖျက်သိမ်းခဲ့ပြီး သပိတ်စခန်းရှိသူ ၁၈ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးထိန်းသိမ်းခံရသူများတွင် ဆန္ဒထုတ်ဖော်သူ ၁၄ဦးနှင့် စျေးသည် ၄ ဦးတို့ဖြစ်သည်။
စျေးသည် ၄ဦးအား စျေးမရောင်ရ ခံဝန်ကတိဖြင့်လည်းကောင်း၊ မိကျောင်းကန်သပိတ်စခန်း ဆန္ဒထုတ်ဖော်နေသူ ၁၄ဦးအား ကျောက်တံတားမြိုနယ် တရားရုံးမှ ငြိမ်ချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ-၁၈ဖြင့် လည်းကောင်း၊ လသာမြို့နယ်စည်ပင်သာယာ တရားရုံးမှ စည်ပင်သာယာ အက်ဥပဒေတားမြစ်ချက်ကို မလိုက်နာခြင်းကြောင့် စည်ပင်ဥပဒေ ပုဒ်မ-၆၈တို့ဖြင့် အရေးယူဖမ်းဆီးခဲ့ပြီး ထိုနေ့ ည ၅နာရီခွဲတွင် အဆိုပါ ဖမ်းဆီးထားသူများအား ကိုယ်တိုင်ခံဝန်အာမ ခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
သပိတ်စခန်းဖျက်သိမ်းခြင်းနှင့် ဆန္ဒပြသူများ ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ’’ဖမ်းတာက ဥပဒေအရ ညှိစွန်းရင်ဖမ်းပေါ့ ဥပဒေအရညှိစွန်းလို့ ဖမ်းတယ်ဆိုရင် ဖမ်းတဲ့သူကလည်း ဥပဒေကို လေးစားလိုက်နာရမယ်။ အကြမ်းဖက်မှု မပြုလုပ်သင့်ဘူး။ ဒဏ်ရာ၊ ဒဏ်ချက်ရတယ်ဆိုတော့ မသင့်လျော်ဘူး''ဟု ပြောသည်။
အဆိုပါဖမ်းဆီးခေါ်ဆောင်သွားခံရသူအချို့မှာ လက်၊ ခြေထောက်တို့တွင် အနည်းငယ် ပွန်းပဲ့ ဒဏ်ရာများရှိခဲ့ကြောင်း ၎င်းကဆိုသည်။
ရန်ကုန်မြို့တော်ခန်းမ ၀င်/ထွက်ပေါက်ကို တားသပိတ်လုပ်ဆောင်ခဲ့သည့် မိကျောင်းကန်သပိတ်စခန်းမှ တရားစွဲဆိုခံထားရသူ ၁၄ဦးကို ကျောက်တံတားမြို့နယ်တရားရုံးက တစ်ဦးလျှင် ထောင်ဒဏ်ခြောက်လစီ ဖေဖော်ဝါရီလ ၁၈ရက်က အမိန့်ချခဲ့ခြင်းဖြစ်၍ သပိတ်ခေါင်းဆောင် ဦးစိန်းသန်းအပါအဝင် ၁၅ဦးရှိပြီး ဖြစ်သည်။