ကျောင်းသား ခေါင်းဆောင်အချို့ ကွန်ဒိုနှင့်ကား ရသည်ဆိုသည့် သတင်းကို ပြန်ရှင်းမည်မဟုတ်ဟု ဆို

ကျောင်းသား ခေါင်းဆောင်အချို့ ကွန်ဒိုနှင့်ကား ရသည်ဆိုသည့် သတင်းကို ပြန်ရှင်းမည်မဟုတ်ဟု ဆို
by -
မဇ္စျိမ

ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားသူများအဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင်များသည် ကွန်ဒိုတိုက်ခန်းများနှင့် ကားများကို အဖွဲ့အစည်းအချို့ထံမှ လက်ခံရရှိထားသည်ဟူသော လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံနေသည့် သတင်းများသည် အခြေအမြစ်မရှိဘဲ ပညာရေးဥပဒေပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို မလိုလားသူများ၏ လက်ချက်သာဖြစ်သည်ဟု ဦးဆောင်ကော်မတီအဖွဲ့ဝင် မဖြိုးဖြိုးအောင်က မဇ္ဈိမကို ပြောသည်။

အဆိုပါသတင်းများမှာ ခိုင်မာသော လူမှုကွန်ရက်များမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ တရားမဝင်ခိုင်မာမှု မရှိသည့် စာမျက်နှာများမှ ထွက်ပေါ်လာခြင်းဖြစ်သည့်အတွက် ပညာရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို တစ်စုံတစ်ရာ ထိခိုက်နှစ်နာမှု ရှိမည် မဟုတ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Four-Star-Fourth-Meet-For-ESU-Law-03

၄င်းက ''ထူးထူးခြားခြား မရှင်းလင်းချင်ပါဘူး။ ဖတ်တဲ့သူတိုင်းက ဒါဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာကို သိနေတာပဲရှင်။ နီးစပ်တဲ့ အသိုင်းအဝိုင်းကလည်း သိပါတယ်။ ပညာရေးဥပဒေပြုပြင်ပြောင်းလဲရေး ကို နှောင့်နှေးကြန့်ကြာအောင် ဟန့်တားတဲ့ အတားအဆီးဖြစ်တဲ့ အကျိုးမဲ့လုပ်ရပ် ဖြစ်ပါတယ်။ မူဝါဒတွေကို ခိုင်ခိုင်မာမာ မကန့်ကွက်နိုင်တဲ့ အခါကျတော့ ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေတယ်လို့ပဲ မြင်ပါတယ်'' ဟု ပြောသည်။

ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားသူများအဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုမင်းသွေးသစ်က ထွက်ပေါ်လာသည့် ကောလာဟလများနှင့်ပတ်သက်၍ တစ်စုံတစ်ရာဖြေရှင်းမည်မဟုတ်ဘဲ ယင်းသတင်းကို စတင်ဖြန့်ချိသူများသည် သက်သေခိုင်လုံပါက ကားနံပါတ်နှင့် တိုက်ခန်းနံပါတ်များပါ ဖော်ပြသင့်သည်ဟု ဆိုသည်။

၎င်းက ''ဒီဟာက အစိုးရဘက်က ပြည်သူတွေ ကျွန်တော်တို့ပေါ်ကို အကြည်အညို တန်အောင်လို့ ဝါဒဖြန့်ချိနေတာပါ''ဟု ပြောသည်။

ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် ဒေါက်တာ အာကာမိုးသူက ''အခုက ဆိုက်ဘာအတက်တွေ ပေါ်လာတဲ့နောက်ပိုင်းမှာ တိုက်ခိုက်မှုတွေရှိလာနိုင်ပါတယ်။ အခုကောလဟလတွေက တရားမဝင်တဲ့ စာမျက်နှာတွေကနေ လာတာပါ။ ပြည်သူလူထုအနေနဲ့ ဘယ်ဟာကို ကောင်းတယ်။ ဘယ်ဟာကို ဆိုးတယ် ကြည့်သင့်ပါတယ်''ဟု ပြောသည်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ကျောင်းသား၊ ပြည်သူများ နားလည်မှု လွဲမှားစေအောင် လေးပွင့်ဆိုင် သဘောတူညီချက်ကို ဖောက်ဖျက်၍ နိုင်ငံပိုင်မီဒီယာများတွင် လွဲမှားစွာ ဖော်ပြခဲ့ကြောင်းကိုလည်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) တို့ ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၂ရက်က ပညာရေးဝန်ကြီးထံ လိပ်မူ၍ အိပ်ဖွင့်ပေးစာပေးပို့ခဲ့သည်။

လက်ရှိအချိန်တွင် ကျောင်းသားသပိတ် စစ်ကြောင်း(ပင်မ)သည့် လက်ပံတန်းမြို့နယ်သို့ ဖေဖော်ဝါရီ ၁၇ရက်ကပင် ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၈ရက်အထိ ခေတ္တရပ်နားမည်ဖြစ်သည်။