လွှတ်တော်သက်တမ်း လေးနှစ်တာအတွင်း ပြည်ထောင်စု အစိုးရအဖွဲ့က ဆောင်ရွက်ပါမည်ဟု လွှတ်တော်တွင် ကတိပြုထားသည့် ဒေသဖွံ့ဖြိုးရေးနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိလုပ်ငန်း ရ၂၉ခု ရှိရာ ၂ဝ၁၅ မတ်လ ၃၁ရက်အတွင်း (ယခုအစိုးရ လက်ထက်၊ လက်ရှိလွှတ်တော် သက်တမ်းအတွင်း) ပြီးစီးရေးနှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ကြပ်မတ်ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ဖေဖေါ်ဝါရီလ ၂၄ရက်နေ့၌ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
''သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဌာနများ၊ အဖွဲ့အစည်းများက ကတိဖြစ်ခဲ့သည့် ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြမေးခွန်း ၃,ဝ၁၄ခုအနက် လုပ်ငန်းပြီးစီးမှု ၁,၇၅၉ခု ဖြစ်၍ ဆောင်ရွက်ဆဲလုပ်ငန်း ရ၂၉ခုဖြစ်ပါတယ်။ အစိုးရက ကတိဖြစ်သောအဆို ရ၉ခုအနက် ၆၈ခုပြီးစီးခဲ့၍ ဆောင်ရွက်ဆဲ အဆို ၁၁ခုရှိပါတယ်'' ဟု ထိုကော်မတီက ဖေဖော်ဝါရီ ၂၃ရက် ပြည်သူ့လွှတ်တော် ၁၂ကြိမ်မြောက် အစည်းအဝေး ၂ဝရက် မြောက်နေ့အစီအစဉ်တွင ပြောကြားသည်။
ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပြီးခဲ့သည့် ပြည်သူ့လွှတ်တော် ၁၁ကြိမ်မြောက် အစည်းအဝေးတွင် ပထမပုံမှန်မှ ဒသမပုံမှန် အစည်းအဝေးအထိ ကြယ်ပွင့်ပြမေးမြန်းခဲ့သည့် မေးခွန်းများနှင့် အဆိုများအနက် မပြီးပြတ်သေးသည့် လုပ်ငန်းများ၊ တတိယပုံမှန်မှ ဒသမပုံမှန်အထိ ကြယ်ပွင့်မပြ မေးမြန်းခဲ့သည့် မေးခွန်းများမှ မပြီးပြတ်သေးသည့် လုပ်ငန်းများနှင့် ၁၁ကြိမ်မြောက် အစည်းအဝေးတွင် ကြယ်ပွင့်မပြ စာဖြင့်မေးမြန်းခဲ့သည့် မေးခွန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဌာနများ၏ နောက်ဆုံးဆောင်ရွက်ချက်များကို စိစစ််ပြီး အစိုးရ၏ လုပ်ငန်းအကောင်အထည်ဖော်မှုကို ထိန်းညှိရန်နှင့် ဆောင်ရွက်ပြီးစီးမှုများအား ပုံမှန်အစည်းအဝေးသို့ တင်ပြရန် ရည်ရွယ်လျက် ယခုကဲ့သို့ လွှတ်တော်သို့ တင်ပြရခြင်းဖြစ်ကြောင်းလည်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
အစိုးရအဖွဲ့ လုပ်ဆောင်ချက်များ၏ နောက်ဆုံးအခြေအနေများကို အစီရင်ခံစာ၌ အပိုင်းလေးပိုင်းခွဲ၍ ပြုစု တင်ပြထားရာ ပထမပိုင်းတွင် ''ပြည်သူ့လွှတ်တော် ၁၁ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလ (၁၁-၉- ၂ဝ၁၄ မှ ၂၈-၁၁-၂ဝ၁၄)၌ လွှတ်တော်တွင်း မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၁၇၁ခုအနက် ကတိဖြစ်ခဲ့သော မေးခွန်း ၃ဝမှ ဖေဖော်ဝါရီ ၂၃ ရက်အထိ ဆောင်ရွက်ပြီး လုပ်ငန်းတစ်ခု၊ မပြီးပြတ်သေးသော လုပ်ငန်း ၂၉ခုရှိကြောင်း၊ ၎င်း ၂၉ခုတွင် ၂ဝ၁၄-၁၅တွင် ဆောင်ရွက်ဆဲလုပ်ငန်း ၁၃ခု၊ ၂ဝ၁၅-၁၆ နှင့် နောက် ပိုင်ကျမှ ဆောင်ရွက်ပေးမည့်လုပ်ငန်း ၁၆ခုရှိကြောင်း၊ တင်သွင်းခဲ့သည့်အဆို ခြောက်ခုမှ အတည်ပြုအဆို သုံးခုအနက် ဆောင်ရွက်ပြီးတစ်ခုနှင့် ဆောင်ရွက်ရန် ကျန်အဆိုနှစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။
အပိုင်း (၂)တွင် ပြည်သူ့လွှတ်တော် ပထမပုံမှန်မှ ဒသမပုံမှန်အထိ ကြယ်ပွင့်ပြ ကတိဖြစ်ခဲ့သော မေးခွန်း ရ၉ဝခု အနက် ပြီးစီးခဲ့သည့် မေးခွန်း ၅၆၄ခု၊ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ဆဲ ၁၄၆ခု၊ ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်နောက်ပိုင်း ဆောင်ရွက်မည့် လုပ်ငန်း ၈ဝခု၊ မပြီးပြတ်သေးသော မေးခွန်း ၂၂၆ခုနှင့် အတည်ပြုခဲ့သော အဆို ရ၉ခုအနက် ပြီးစီးသည့်အဆို ၆၈ခု၊ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ဆောင်ရွက်ဆဲ အဆို ၁၁ခု၊ မပြီးပြတ်သေးသောအဆို ၁၁ခု ကျန်ရှိကြောင်း အသေးစိတ် ဖော်ပြခဲ့သည်။
ထို့အတူ အပိုင်း (၃)တွင် တတိယပုံမှန်မှ ဒသမပုံမှန် အစည်းအဝေးများအတွင်း ကြယ်ပွင့်မပြ မေးခွန်းများ အနက် ကတိဖြစ်ခဲ့သော မေးခွန်း ၂,၂၂၄ခုတို့တွင် ၁၁၉၅ခုသာ ပြီးစီးခဲ့ရာ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် တွင် ဆောင်ရွက်ဆဲ ၅၈၃ခု၊ ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်နောက်ပိုင်းတွင် ဆောင်ရွက်မည့် လုပ်ငန်း ၄၄၆ခု၊ မပြီးပြတ်သေးသည့် လုပ်ငန်း ၁,ဝ၂၉ ခုတို့ကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဌာနများ၏ ဆောင်ရွက်နေမှု အခြေအနေများကို ဖော်ပြထားသည်။
အပိုင်း (၄)တွင်မူ ပြီးခဲ့သည့် ပြည်သူ့ လွှတ်တော် ၁၁ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်မပြ မေးခွန်း ၆၃၄ခု အနက် ကတိဖြစ်မေးခွန်း ၁၇၁ခုနှင့်ပတ်သက်၍ ပြည်ထောင်စအဆင့်ဌာနများ၏ စာဖြင့် ဖြေကြားချက်များကို ပူးတွဲဇယားများဖြင့် တင်ပြထားခဲ့သည်။