ယာယီနိုင်ငံသား ကဒ်ပြား (၀ိှုက်ကဒ်) ကိုင်ဆောင်ထားသူ ပါတီဝင် ၁၀၀၀ကျော်ကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ အတွင်းမှ ထုတ်ပယ်ခဲ့ပြီးဖြစ်သည်ဟု ယင်းပါတီ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်မင်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် မဇ္စျိမကို ပြောသည်။
၎င်းက "ပြင်လိုက်တဲ့ဥပဒေကြောင့် ပါတီတွင်းက ပါတီဝင်အင်အား ၁၀၀၀ကျော်ကို ထုတ်လိုက်ရတယ်၊ အရင် ၂၀၁၀ရော ၂၀၁၂ရော ပါတီထောင်ခွင့် မဲပေးခွင့်ရခဲ့တဲ့ သူတွေချည်းပါပဲ။ ဒါကိုအခုမှ ထုတ်လိုက်ရတဲ့ အခြေအနေ ဖြစ်သွားတယ်" ဟု ဆိုသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ယာယီနိုင်ငံသားကဒ်ကိုင်ဆောင်သူများကို ပါတီတည်ထောင်ခွင့် မပြုတော့ကြောင်း ၂၀၁၄ခုနှစ် စက်တင်ဘာလအတွင်း အမျိုးသားလွှတ်တော်က ဒုတိယအကြိမ်မြောက် ပြင်ဆင် လိုက်သဖြင့် ယင်းသို့ ပြင်ဆင်ဖွဲ့စည်းရခြင်း ဖြစ်သည်။
ဦးကျော်မင်းက "ရခိုင်ဖက်မှာ ပါတီဝင်တွေ မရှိပါဘူး အဓိကတော့ ကျွန်တော်တို့ပါတီက ရန်ကုန်မှာနေတဲ့ အစ္စလာမ်ဘာသာဝင်တွေအများစု ပါဝင်တာပါ၊ အဲဒီဘက်ကို သွားစည်းရုံးဖို့ကျတော့လည်း လုံခြံုရေး အခြေအနေတွေကြောင့် မရပါဘူး" ဟု ဆိုသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ယာယီနိုင်ငံသားကဒ်များ ကိုင်ဆောင်ထားသဖြင့် ထုတ်ပယ်လိုက်ရသည့် ပါတီဝင် အင်အား ၁၀၀၀ကျော်သည် ရန်ကုန်အခြေစိုက် နေထိုင်သူများသာဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ကိုင်ဆောင်ထားသူ ရ၀၀၀၀၀ ကျော်တို့ မပါဝင်ကြောင်း ၎င်းက ပြောသည်။
ပြင်ဆင်လိုက်သည့် ဥပဒေနည်းဥပဒေများအရ ပါတီအဖွဲ့ဝင်များ ပြန်လည်စိစစ်မှုကို မတ်လ ၉ရက်နောက်ဆုံး ထား တင်ပြကြရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီတွင်မူ ယာယီနိုင်ငံသားကဒ်ပြား ကိုင်ဆောင်သူများ မရှိသဖြင့် ရွေးကောက်ပွဲ ကော်မရှင်သို့ ပြင်ဆင်တင်ပြရန် မရှိကြောင်း ပါတီအတွင်းရေးမှုး ဦးနေမင်းကျော်က မဇ္စျိမကိုဆိုထားသည်။
ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင် ဦးအေးသာအောင်ကလည်း "ကျွန်တော်တို့ပါတီက နိုင်ငံသားကဒ် ကိုင်တဲ့ နိုင်ငံသားတွေပဲ ပါ၀င်ပါတယ်၊ ယာယီကဒ်ကိုင်တဲ့ သူတွေမပါပါဘူး၊ ဒါမို့ပြန်ပြင်ဖို့ မလိုသလို၊ ကော် မရှင်ကိုလည်း တင်ပြစရာမလိုပါဘူး" ဟု ပြောသည်။
လက်ရှိအချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ရ၁ ပါတီထိ မှတ်ပုံတင်ခွင့် ခွင့်ပြုထားသည်။