တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော ဓာတ်မြေသြဇာများကို စျေးကွက်အတွင်း နမူနာပစ္စည်းကိုပင် ရောင်းချခွင့်မပြုဟု မန္တလေးတိုင်း စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''စျေးကွက်မှာ တရားဝင်မှတ်ပုံတင်မထားတဲ့ ဓာတ်မြေသြဇာအမျိုးအစားကို နမူနာတောင် ပေးမတင်ပါဘူး။ တစ်လတစ်ကြိမ် ဆိုင်တွေမှာ လိုက်လံစစ်ဆေးပါတယ်'' ဟု ၎င်းက ပြောသည်။
သို့ရာတွင် စျေးကွက်အတွင်း တရားဝင်မှတ်ပုံတင်ထားသည့် ဓာတ်မြေသြဇာများသာမက မှတ်ပုံမတင်ရသေးသော ဓာတ်မြေသြဇာများကို အသုံးပြုပါက အသုံးပြုသူများအား သီးနှံနှင့် မြေဆီလွှာပေါ်သာမက ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်လာစေနိုင်မည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ဓာတ်မြေသြဇာအသုံးပြုမှုနှင့် ပတ်သက်၍ မြေဆီလွှာနှင့် သီးနှံအတွက် တကယ်အကျိုးပြုမည့် ဓာတ်ခွဲခန်းသည် ရန်ကုန်မြို့တစ်ခုတည်းသာရှိပြီး မြေအသုံးချရေးဌာန (အထက်မြန်မာပြည်)အဖြစ် မန္တလေးတွင် ဖွင့်လှစ်ရန် စီစဉ်နေသော်လည်း လက်တွေ့အကောင်အထည် မဖော်နိုင်သေးပေ။
ထို့အတွက် စျေးကွက်အတွင်း မှတ်ပုံမတင်ရသေးသည့် ဓာတ်မြေသြဇာများ ရောင်းချခြင်း ရှိ၊ မရှိကို စိုက်ပျိုးရေး ဦးစီးဌာနက တစ်လတစ်ကြိမ်ပုံမှန်စစ်ဆေးကာ မှတ်ပုံတင်ထားခြင်းမရှိသည့် အမျိုးအစားများ တွေ့ရှိပါက ရုံးချုပ်သို့ ပေးပို့စစ်ဆေးစေသည်ဟု ၎င်းက ဆိုသည်။
ထို့အတူ ဥပဒေအရ တားမြစ်ထားသည့် ဓာတ်မြေသြဇာများ ရောင်းချပါက ဓာတ်မြေသြဇာဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း တိုင်းသစ်တောနှင့်သတ္တုဝန်ကြီးဌာန ဝန်ကြီး ဦးသန်းစိုးမြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် ပုလဲဓာတ်မြေသြဇာကိုသာ ထုတ်လုပ်နိုင်ပြီး အခြားဓာတ်မြေသြဇာ အမျိုးအစားများကို ပြည်ပမှ တင်သွင်းအသုံးပြုလျက်ရှိရာ တောင်သူများအနေဖြင့် စျေးကွက်လိုအပ်ချက်အရ သီးနှံအမြင်လှ၍ အထွက်ကောင်းသော ဓာတ်မြေသြဇာများကိုသာ ရွေးချယ်အသုံးပြုကြသည်။
၄င်းဓာတ်မြေသြဇာများသည် သုံးစွဲသူနှင့် စားသုံးသူများအတွက် ဓာတုဗေဒဓာတ်ကြွင်းများမကျန်ဘဲ ဘေးဥပဒ်အနည်းဆုံးဖြစ်ရန် လိုအပ်သည်ဟု စိုက်ပျိုးရေးပညာရှင်တစ်ဦးက ပြောသည်။