ကယား(ကရင်နီ) ပြည်နယ်အတွင်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များ စာရင်းသိရှိနိုင်ရန် ရပ်ကျေးကော်မရှင်အဆင့်များက အခြေခံ မဲစာရင်းများကို စတင်ပြုစုနေပြီဖြစ်ကြောင်း ကယားပြည် နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ကန္တရဝတီတိုင်း(မ်)ကို ပြောဆိုသည်။
မဲစာရင်းများကို နည်းဥပဒေတွင်ပါရှိသည့် မဲဆန္ဒရှင်များကောက်ယူသည့် ပုံစံ(၁) ဇယားတွင် ဖြည့်စွက်ထည့် သွင်း သွားမည်ဖြစ်ပြီး ၂၀၁၅ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် အသက် ၁၈နှစ်ပြည့်ပြီးသူများ အားလုံးကို စာရင်းထည့်သွင်းသွားမည်ဟု ပြောသည်။
ယခုလို ကြိုတင်၍ မဲဆန္ဒရှင်စာရင်းများကို ကောက်ယူထားခြင်းဖြင့် နိုဝင်ဘာလ အတွင်းပြုလုပ်မည် ဟု ကြေညာထားသော ရွေးကောက်ပွဲကို ထပ်မံနောက်ဆုတ်ရန် မရှိနိုင်ကြောင်း ရှင်းပြသည်။
“ဒါကို ကောက်ထားပြီး အဆင်သင့်လုပ်ထားရုံပဲ ပြီးပြီဆိုမှ ရွေးကောက်ပွဲကြေငြာရင် ထုတ်ပြီး မဲစာရင်းကပ်ပေးလိုက်မယ်” ဟု ဦးကျော်ဆန်းဝင်း က ပြောသည်။
ပုံစံ(၁)တွင် ရေးသွင်းထားသော စာရင်းများကို ဖေဖော်ဝါရီလအတွင်း International Foundation for Electoral Systems (IFES) အကူအညီဖြင့် ကွန်ပြူတာထဲတွင် အချက်အလက်များ ထည့်သွင်းသွားမည်ဟု သိရသည်။
စာရင်းထည့်သွင်းရာတွင် တနိုင်ငံလုံး ကွန်ပြူတာ အလုံး ၃၀၀ကို ပြည်နယ်နှင့်တိုင်းအလိုက် အလှည့်ကျ အသုံးပြုမည်ဖြစ်ပြီး ကယားပြည်နယ်မှာ ဖေဖော်ဝါရီလမှ ဧပြီလ အတွင်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကွန်ပြူတာအသုံးပြုမည့် ကယားပြည်နယ်ဝန်ထမ်းများ အနေဖြင့်လည်း သင်တန်းများ လိုအပ်နေသေးကြောင်း ဦးကျော်ဆန်းဝင်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ၂၀၁၄ အောက်တိုဘာလတွင် လွိုင်ကော်မြို့ပေါ် ရပ်ကွက် အချို့ကို စာရင်းကောက်ယူထားပြီးဖြစ်ကြောင်း လွိုင်ကော်မြို့နယ်ကော်မရှင် အတွင်းရေးမှူး ဦးမျိုးသန့်က ဆိုသည်။
“ရပ်ကွက်အသေးတွေကတော့ပြီးပြီ ဒါပေမယ့် ကျနော်တို့ဆီမယူထားသေးဘူး။ လူဦးရေများတဲ့အပိုင်းတွေ မပြီးသေးဘူး။” ဟု ဦးမျိုးသန့်က ပြောသည်။
ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၄ ဒီဇင်ဘာလအထိ ပြုစုထားသော စာရင်းအရ ပြည်နယ် တွင်း လူဦးရေ စုစုပေါင်း ၂၅၇၈၅၄ ဦးရှိရာ ထိုအထဲတွင် ၁၈နှစ်အထက် လူဦးရေ အမျိုသား ရ၅၄၆၁ ဦး နှင့် အမျိုသမီး ရ၈၄၆၂ ရှိပြီး စုစုပေါင်း ၁၅၃၉၂၃ ဦးရှိသည့်အတွက် မဲဆန္ဒရှင်ခန့်မှန်းခြေ တစ်သိန်းခွဲခန့် ရှိကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေငြာချက်အရ ရွေးကောက်ပွဲကို အောက်တိုဘာလကုန်
နိုဝင်ဘာလဆန်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း ကြေငြာထားသည်။