နေပြည်တော် (မဇ္ဈိမ)။ ။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွဲ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းတွင် နိုင်ငံခြားနည်းပညာ အထောက်အပံ့များယူပြီး ပူးပေါင်းလုပ်ပိုင့်ခွင့်များ ထည့်သွင်းရန်လိုအပ်သည်ဟု ကိုယ်စားလှယ် နှစ်ဦးက ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးသည်။
''နိုင်ငံခြားအထောက်အပံ့ နိုင်ငံခြား နည်းပညာယူကို ယူသင့်ပါတယ်။ ဒါမှသာလျှင် ကျွန်တော်တို့က ကမ္ဘာ့အဆင့်ကို လက်လှမ်းမှီမှာ ဖြစ်ပါတယ်လို့ ဆွေးနွေးချင်ပါတယ်'' ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။
စီးပွားရေးနည်းပညာအထောက်အကူများနှင့် ငွေကြေးပံ့ပို့မှု လွယ်ကူစွာရရှိရန်၊ ပြည်တွင်း ပြည်ပစျေး ကွက်များကို လက်လှမ်းမှီစေရန် စသည့်အချက်များပါဝင်သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ၁ဝဝရာခိုင်နှုန်းမဟုတ်ဘဲ ပူပေါင်းဆောင်ရွက်ရန်် ထည့်သွင်းသင့်သည်ဟု ဆိုသည်။
အဆိုပါဥပဒေကြမ်းတွင် ပြည်သူ့လွှတ်တော်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ နိုင်ငံခြားအထောက်အပံ့များကိုယူလျှင် ပြည်တွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ၏ စီးပွားရေးကို ကာကွယ်ရန် ဥပဒေကြမ်းတွင် ထည့်သွင်းထားခြင်း မရှိပေ။
''နိုင်ငံခြားသားတွေကို အကြီးစားလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုထားပြီး ဖြစ်တယ်။ နောက်ထပ်အသေးစား၊ အလတ်စားလုပ် ငန်းတွေကိုပါ ပူးပေါင်းလုပ်ပိုင်ခွင့်ပေးရင် နိုင်ငံမွဲသွားနိုင်တယ်ဆိုပြီး ယူဆနေပါတယ်''ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်းထွန်းက ပြောသည်။
နိုင်ငံတကာနှင့် အစိုးရအဖွဲ့အစည်းများကလည်း အသေးစား အလတ်စား လုပ်ငန်းများအတွက် လိုအပ်သည့် အကူအညီ၊ နည်းပညာ၊ ငွေကြေးထောက်ပံ့မှုများ ပေးလျက်ရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အကူအညီများပေးရန်နှင့် ပူပေါင်းဆောင်ရွက်ရန် ဂျပန်နိုင်ငံမှ ဂျပန်မြန်မာစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဌာန(JMEIC)က ပြောဆိုထားသည်ဟု ဆွေးနွေးသည်။
ထို့အပြင် ပြည်သူ့လွှတ်တော်က အသေးစား အလတ်စားလုပ်ငန်းများတွင် လုပ်ကိုင်သည့် အလုပ်သမားများ၏ လုပ်ငန်းခွင် အချိန်ကို တစ်ရက်လျှင် ခြောက်နာရီသတ်မှတ်ရန် ဆွေးနွေးချက်အပေါ် အမျိုးသားလွှတ်တော်က တစ်ရက်လျှင် ရှစ်နာရီ လုပ်ကိုင်ရန် အတည်ပြုပေးရန် ဆွေးနွေးခဲ့သည်။