ချင်းမိုင် (မဇ္ဈိမ)။ ။ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ရေးနှင့် ပတ်သက်၍ ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း လေးဖွဲ့တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု တက်ရောက်သူများက ပြောသည်။
“ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စာချုပ်ထိုးနိုင်ဖို့အရေးပါ။ ပြည်ထောင်စုနေ့ နောက်ပိုင်း ဘယ်လို ဆက်သွားမလဲဆိုတာပါ။ အစိုးရဘက်က လက်မှတ်ထိုးဖို့ ပြောလာမယ်ဆိုရင် ဘယ်လိုထိုးကြမလဲ ဆိုတာတွေ ညှိတာ။ ကျွန်တော်တို့က ဒီကြားထဲမှာ NCCT နဲ့ UPWC တို့ ဆွေးနွေးနေတဲ့ NCA စာချုပ်ကို သူတို့က မရေးဆွဲနိုင်ဘူး။ မချုပ်ဆိုနိုင်ဘူးဆိုရင် ဘယ်လို ဆက်သွားကြမလဲ” ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောဝ်စိုင်းက မဇ္ဈိမကို ပြောသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် မရေးထိုးမီ စာချုပ်အတွက် ငြိမ်းချမ်းရေး သဘောတူညီချက် တစ်စုံတစ်ရာ ရှိသင့်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးမှု ဖြစ်မလာပါကလည်း ပဋိပက္ခများကို စစ်ရေးဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆက်လက်ဆွေးနွေးသွားကြရန် UWSA ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး/ ရှမ်းပြည် တပ်မတော် (RCSS/SSA)၊ မိုင်းလား (MDAA) အဖွဲ့တို့က အမြင်ချင်း ဖလှယ်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်၍ တိုင်းရင်းသားများက်က စိုးရိမ်မှုများ ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
"အပစ်အခတ် ရပ်စဲရေးက မခက်ပါဘူး။ ဒါပေမဲ့ စာချုပ်က ဘယ်မှာလဲ။ အဲဒီအရေးကို သွားညှိကြတယ်။ စာချုပ်မရှိဘဲ ဘယ်လို ဆက်သွားကြမလဲ။ ပြည်ထောင်စုနေ့ နောက်ပိုင်းမှာ အပစ်အခတ် ရပ်စဲရေးတွေ ဘယ်လို သွားကြမလဲ။ ကျွန်တော်တို့ အားလုံး တောင်းတနေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီးကလည်း ဘယ်တော့ စတင်နိုင်မလဲ။ အဲဒါက ပြဿနာပါ။ အဲဒီနှစ်ခုက NCCT နဲ့ UPWC တို့ ညှိနေတဲ့ ကိစ္စက ဖြစ်မလာဘူးဆိုရင် ကျွန်တော်တို့ ကြားကနေ ဘယ်လို လုပ်ကြမလဲ။ တိုင်းရင်းသားအဖွဲ့တွေ ဘယ်လို စဉ်းစားကြမလဲဆို တာ ဆွေးနွေးကြတာ”ဟု ဗိုလ်မှူးကြီး စိုင်းလောဝ်စိုင်းက ပြောသည်။
တိုင်းရင်းသားအဖွဲ့များ ဆွေးနွေးမှုတွင် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ နောက်ပိုင်း UPWC နှင့် NCCT ကိုယ်စားလှယ်တို့ ဆက်လက် ဆွေးနွေးမှုများ လုပ်ဆောင်ရေးနှင့် လက်ရှိ တိုင်းရင်းသားအချို့နှင့် အစိုးရတို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှု အပေါ် ရပ်တန့်နိုင်ရေးအတွက်လည်း အဖြေရှာ ဆွေးနွေးခဲ့သည်ဟု ၎င်းက ပြောသည်။
သမ္မတ ဦးသိန်းစိန်ကမူ လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် အဆိုပြုထားသည်။ သို့သော် NCCT ခေါင်းဆောင်များနှင့် အစိုးရ ကိုယ်စားလှယ် MPC ခေါင်းဆောင်များ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇန်နဝါရီ ၂၁ရက်က ညှိနှိုင်းမှု အဆင်မပြေ၍ လက်မှတ်ထိုးရန် မဖြစ်နိုင်သေးဟု ခေါင်းဆောင်များက ဆိုသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်သော (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရေး အာမခံချက်ရှိသော သဘောတူညီချက် လက်မှတ်ရေးထိုးရန် ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။