ဗိုလ်မှူးချုပ်အုန်းမြင့်မှ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရွာသားများကို စည်းရုံးရာ ဒေါ်စုအကြောင်း ထည့်သွင်းပြောကြား

ဗိုလ်မှူးချုပ်အုန်းမြင့်မှ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရွာသားများကို စည်းရုံးရာ ဒေါ်စုအကြောင်း ထည့်သွင်းပြောကြား
by -
ကွန်းဟဒေ့
သတ္တုတွင်းဝန်ကြီး ဗိုလ်မှူးချုပ်အုန်းမြင့်သည် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ နိုင်းပြိုင်ကျေးရွာသို့ သွားရောက်ခဲ့ပြီး ရွာသားများကို ၂၀၁၀ ရွေးကောက်ပွဲအကြောင်းအပြင် ဒေါ်အောင် ဆန်းစုကြည်အကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်ဟု ဒေသခံများမှ သိရ ...

သတ္တုတွင်းဝန်ကြီး ဗိုလ်မှူးချုပ်အုန်းမြင့်သည် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ နိုင်းပြိုင်ကျေးရွာသို့ သွားရောက်ခဲ့ပြီး ရွာသားများကို ၂၀၁၀ ရွေးကောက်ပွဲအကြောင်းအပြင် ဒေါ်အောင် ဆန်းစုကြည်အကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်ဟု ဒေသခံများမှ သိရသည်။

ရွေးကောက်ပွဲကို အမြဲတမ်းကျင်းပမည် မဟုတ်ပေ။ ယခုတစ်ကြိမ်တွင်သာ ကျင်းပမည်ဖြစ်သောကြောင့် မဲထည့်ရာတွင် အထည့်မမှားကြရန်၊ ၄င်းတို့အစိုးရဘက်မှ အားပေးထည့်သွင်းထောက်ခံကြရန် အစည်းအဝေးတွင် ဗိုလ်မှုးချုပ်အုန်းမြင့်မှ ပြောကြားခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သော ရွာသားတစ်ဦးက ပြန်လည်ပြောပြခဲ့သည်။

အစည်းဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းလည်း သွက်ဝိုက်၍ အနည်းငယ်ထည့်သွင်း ပြောကြားခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။

“သူပြောတာက ဒီနေ့အခြေအနေနဲ့ဆို မိန်းမကြီးသုံးယောက်မဖိတ်ပဲနဲ့ ယောကျာ်းလေးတစ်ယောက်က ဘဲလိုမှ မလာဘူး၊ ဖိတ်လို့လာရတာပဲလို့ သူကပြောတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။

ရွာသားများက ဒေါ်အောင်ဆန်းစုကြည်အပေါ် အထင်အမြင်မှားစေရန် စကားအဆက်အစပ်မရှိပဲ ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်ဟု ဒေသခံအချို့က ဝေဖန်ကြသည်။

၄င်းတို့ငယ်ငယ်တုန်းကတည်းအရွယ်နှင့် နှိုင်းယှဉ်လျှင် ယနေ့တွင် ကျေးရွာများသည် ဖွံ့ဖြို့တိုးတက် နေပြီဖြစ်သည်ဟု ဗိုလ်မှူးချုပ်အုန်းမြင့်က ပြောသည်။

ဂျပန်ခေတ််ကာလနှင့် နှိုင်းယှဉ်လျှင် ယခုနိုင်ငံတော်အစိုးရအုပ်ချုပ်စဉ်ခေတ်ကာလတွင် မွန်ပြည်နယ်အတွင်း အေးချမ်းတိုးတက်နေသည်ဟု အစည်းအဝေးတက်ရောက်ခဲ့သော အမျိုးသမီးရေးရာအဖွဲ့ဝင်တစ်ဦးဖြစ်သူ အမျိုးသမီးကြီးတစ်ဦးက ဗိုလ်ချုပ်အုန်းမြင့်ကို တင်ပြခဲ့သည်။

“ဗိုလ်မှူးချုပ်အုန်းမြင့် နှစ်သက်သဘောကျလို့ အဲဒီမျိုးသမီးကြီးကို ပိုက်ဆံတစ်သောင်းတောင် ပေးလိုက်တယ်၊ ပြီးတော့ ဗိုလ်မှူးချုပ်အုန်းမြင့်အနေနဲ့လည်း လဝက်တစ်ကြိမ် မွန်ပြည်နယ်ကို လာရောက်ဖို့ အစီအစဉ်ရှိတယ်လို့၊ အမျိုးသမီးရေးရာအဖွဲ့ဝင်တစ်ဦးက ပြောတာကြားရတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးက ပြေသည်။

ဗိုလ်မှူးချုပ်အုန်းမြင့်သည် နိုင်းပြိုင်ကျေးရွာသို့ လွန်ခဲ့သောတစ်ပတ်ကျော်ခန့်က သွားရောက်လာပတ်ခဲ့စဉ် ၄င်းကျေးရွာရှိရွာသားများနှင့် အနီးရှိ ကွမ်တာကျေးရွာနှင့် ကော့ခပိန်းကျေးရွာရှိ ရွာသားများကို နိုင်းပြိုင်ကျေးရွာတွင် အစည်းအဝေး ခေါ်ယူခဲ့သည်။ အစည်းအဝေးမတက်မနေရဟု ကျေးရွာဥက္ကဌများက ရွာသားများကို ပြောဆိုထားသောကြောင့် ရွာသား တစ်ထောင်ခန့် အစည်းအဝေးတက်ရောက်ခဲ့သည်ဟု သိရသည်။

ယခုနှစ်တွင် ဗိုလ်မှူးချုပ်အုန်းမြင့်သည် ယခုအကြိမ်ပါဆိုလျှင် မွန်ပြည်နယ်သို့ သုံးကြိမ်ခန့် လာရောက် လည်ပတ်ခဲ့သည်ဟု သိရသည်။

ဗိုလ်မှူးချုပ်အုန်းမြင့်သည် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အရွေးခံရန် လျာထားခံရ သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် ကောလဟလသတင်းထွက်ပေါ်နေသည်။

Most read this week