မျိုးစောင့် ဥပဒေများနှင့် ပတ်သက်၍ အရပ်ဖက်အဖွဲ့များ၏ သုံးသပ်ချက် လွှတ်တော်တင်မည်

မျိုးစောင့် ဥပဒေများနှင့် ပတ်သက်၍ အရပ်ဖက်အဖွဲ့များ၏ သုံးသပ်ချက် လွှတ်တော်တင်မည်
by -
မဇ္စျိမ

မျိုးစောင့်ဥပဒေများဟု ခေါ်တွင်နေသော ကိုးကွယ်ရာ ဘာသာကူးပြောင်းရေး၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းနှင့်ကျန်းမာရေး စောင့်ရှောက်ခြင်း၊ မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာနှင့် တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေမူကြမ်းများအပေါ် အမျိုးသမီးကွန်ရက်များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏ သုံးသပ်အကြံပြုချက်များကို လွှတ်တော်သို့ တင်ပြမည်ဟု အမျိုးသမီးအဖွဲ့များကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ  ဒေါ်ချယ်ရီအုန်းက ဇန်နဝါရီ ၂၈ ရက်က ပြောသည်။

ဒေါ်ချယ်ရီအုန်းက "မျိုးစောင့်ဥပဒေမှာ မမျှတမှုတွေ၊ လိုအပ်ချက်တွေ၊ ဟာကွက်တွေ များစွာ ပါရှိနေပါတယ်။ ဒါကြောင့် အမျိုးသမီးအဖွဲ့တွေ အပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက  ပြင်းပြင်းထန်ထန်ကန့်ကွက် ခဲ့တယ်။ ဒါပေမယ့်လည်း အတည်ပြုဖို့ ဆက်လက် လုပ်ဆောင်လာတယ်။ ဒါကြောင့် ခုလိုမျိုး တိတိပပ သုံးသပ်ချက်တွေကို လွှတ်တော်အထိ တင်ပြနိုင်အောင် လုပ်ဆောင်တာပါ။”ဟ ုမဇ္စျိမပြောသည်။

Parliament Naypyitaw

ယင်းကိစ္စနှင့်ပတ်သက်၍ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)မှ ဦးပါမောက္ခက “ခရစ်ယာန်၊ ဟိန္ဒူစသဖြင့် ဘာသာတွေမှာ ပြဋ္ဌာန်းဥပဒေဆိုတာရှိတယ်။ တရားရုံးရောက်သွားတဲ့ အခါ ပြဌာန်းဥပဒေကပဲ လွှမ်းမိုးသွားပြီး မြန်မာ့ဓလေ့ထုံးတမ်းဥပဒေက အသက်မဝင်ဘူး ဖြစ်နေတယ်။ အဲဒီအတွက်ကြောင့် ဘုန်းကြီးသုံးသပ်ရမယ် ဆိုရင် မြန်မာတိုင်းရင်းသားတွေ အနေနဲ ့ဥပဒေရဲ့ အစောင့်အရှောက် အကာအကွယ် တန်းတူအခွင့်အရေးရ သင့်တယ်။ ဒါကြောင့် ဒီမျိုးစောင့်ဥပဒေတွေက အမြန်ဆုံး ပြဋ္ဌာန်းသင့်တယ်လို့ မြင်တယ်”ဟု ဆိုသည်။

မျိုးစောင့်ဥပဒေ သုံးသပ်ချက်တွင် ကိုးကွယ်ရာ ဘာသာကူးပြောင်းရေး ဆိုင်ရာဥပဒေနှင့်ပတ်သက်၍ နိုင်ငံသား တိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်” ဟု ဖော်ပြထားသောအချက်ကို ချိုးဖောက်ရာရောက်သည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄တွင် ပါဝင်သော နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာ၊ သာသနာကို အလွဲသုံးစားမပြုရ၊ တစ်ဖက်နှင့်တစ်ဖက် စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက် လာ စေရန် ရည်ရွယ်သော ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်ဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ ကိုလည်း ချိူးဖောက်ရာကျသည်။ ယင်းအပြင် လူတိုင်း လွတ်လပ်စွာတွေး ခေါ်ခွင့်ရှိပြီး လူတိုင်းသက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲပိုင်ခွင့် ရှိသည်ဟူသော အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုဒ် ၁၈ နှင့်လည်း ဆန့်ကျင်နေသည်ဟု သုံးသပ်ထားသည်။

ယင်းအပြင် လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်း ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC) အပိုဒ် (၆) နှင့် ကလေးငယ်များ အမည်မှည့် ပိုင်ခွင့်နှင့် မွေးစာရင်း မှတ်ပုံတင်ခွင့်တို့ကို ခံစားခွင့် ရှိသည်ဟူသော ကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ်(CRC) အပိုဒ် (၇)နှင့် စီဒေါစာချုပ် အပိုဒ် ၁၆(၁) (င) ကိုကို ချိုးဖောက်ရာကျသည်ဟု သုံးသပ်ထားသည်။

ယင်းနှင့်ပတ်သက်၍ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ဒါရိုက်တာ ဦးအောင်မျိုးမင်းက "ကိုးကွယ်ရာဘာဆိုတာ လူတစ်ယောက်ရဲ့ ယုံကြည်မှုပါ။ ဘယ်လောက်ယုံကြည်လဲဆိုတာပဲ အဓိကကျတယ်။ ဒါက အတင်းအကျပ်လုပ်လို့မရနို်င်တဲ့ ကိစ္စမျိုးဖြစ်ပါတယ်။  ဒီလို ကိစ္စကို ဥပဒေအရ အတင်းအကျပ် လုပ်ဆောင်တယ်ဆိုတာက ဘာမှ အကျိုးမရှိတဲ့ ကိစ္စပါ။ ဥပဒေအရမဟုတ်ဘဲ ယုံကြည်မှု လူ့အခွင့်အရေးအရပဲ လုပ်ဆောင်ရမှာပါ။ လူဦးရေတိုးပွားနှုန်းထိန်းညှိဖို့ကလည်း မိသားစုအခြေအနေနဲ့ညှိပြီး အမျိုးသမီးတွေက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ရမယ့်ကိစ္စပါ။ ပြီးတော့ ဘာသာရေးအရ တင်းမာမှုတွေ ဖြစ်နေတဲ့အချိန်မှာ ဒီဥပဒေတွေက အတည်ြ့ပုသင့် မပြုသင့်ဆိုတာကလည်း လွှတ်တော်မှာ ထည့်သွင်းစဉ်းစားသင့်ပါတယ်” ဟု ဆိုသည်။

မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများအထူး ထိမ်းမြားခြင်းဆိုင်ရာနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာဥပဒေမူကြမ်းနှင့်ပတ်သက်၍ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက “ နိုင်ငံအကျပ်အ တည်းဖြစ်နေချိန်မှာ ခုလိုအငြင်းပွားစရာဥပဒေတွေကို တင်ဖို့လုပ်တာဟာ နိုင်ငံသားတွေကို အခက်တွေ့ အောင်လုပ်တာပါပဲ။ ဘယ်သူ့အတွက်မှ အကျိုးရှိအောင်လုပ်ပေးမယ်ဆိုတဲ့ တိတိကျကျ ဖော်ပြချက်မပါရှိတဲ့ ဒီဥပဒေတွေက တစ်ဖက်သားကို ထိန်းချုုပ်ဖို့ပဲဖြစ်နေတယ်။” ဟု ဆိုသည်။

ယင်းအပြင် အမျိုးသမီးများကို ပညာရေးတွင် ပိုမိုကောင်းမွန်အောင်၊ အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းများ ရရှိရန်အတွက် လက်တွေ့မလုပ်ပေးဘဲ ယခုကဲ့သို့ အကျိုးရှိရန်မသေချာသော  ဥပေဒေများ ပြဌာန်းရန် ကြိုးစားခြင်းသည် မယောင်ရာဆီလူးခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ရှုပ်ထွေးစေသောဥပဒေများ ဖန်တီးတဲ့ လွှတ်တော်ကို “တော်တော်တော့ အယုံအကြည်ကင်းမဲ့တယ်လို့ပဲ တိုက်ရိုက်ပြောချင်တယ်” ဟုလည်း ဒေါ်ခွန်ဂျာကဆိုခဲ့သည်။

အမျိုးသားလွှတ်တော်တွင် ဆွေးနွေးလျက်ရှိသော ယင်းမျိုးစောင့်ဥပဒေများကို  ယခင်က အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ကန့်ကွက်မှုများရှိခဲ့သည်။

Most read this week