ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်းဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် ကချင် ကျောင်းဆရာမနှစ်ဦး အဓမ္မကျင့်ခံရကာ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ အခင်းဖြစ်ပွားခဲ့သော နေ ရာ၊ ဒေသခံများနှင့် အစိုးရ တပ်မတော်အား စစ်ဆေးမှုများ ပြုလုပ်နေပြီး ဆေးစစ်တမ်းများကိုမူ ထုတ်ပြန်ခြင်း မရှိသေးဟု မူဆည်မြို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာဇော်လာက မဇ္စျိမကို ပြောသည်။
ဇန်နဝါရီလ ၂၀ ရက်က သေဆုံးသူ ဆရာမနှစ်ဦး၏ အလောင်းကို မူဆယ်ဆေးရုံတွင် ဆေးစစ်ဆေး မှုများ ပြုလုပ်ခဲ့သော်လည်း အစိုးရ ရဲတပ်ဖွဲ့က ဆေးစစ်တမ်းများကို ထုတ်ပြန်ခြင်း မရှိသေးခြင်းဖြစ်ပြီး မူဆယ်ခရိုင် ရဲမှူးတာဝန်ယူ၍ ကောင်းခါးကျေးရွာရှိ ဒေသခံများနှင့် တပ်မတော်မှ စစ်သားများကို ပထမဆုံးအကြိမ် စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
“ဆေးစစ်ချက်တွေ မပေးသေးဘူး။ ခဏလေး စောင့်ပါတဲ့။ ရဲတပ်ဖွဲ့တွေက သိမ်းထားခိုင်းတဲ့ သဘောရှိတယ်။ အလောင်းတွေကို ကျွန်တော်တို့ မြင်နေပြီးသားဆိုတော့ ဘာလုပ်ထားတယ်ဆိုတာ အကုန် ကျွန်တော်တို့ သိတယ်” ဟု မူဆယ်မြို့နယ် KBC မှ အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာဇော်လာက ပြောသည်။
ဇန်နဝါရီလ ၂၁ ရက်တွင် အစိုးရ၏ မူဆယ်ခရိုင်ရဲမူး တာဝန်ယူ၍ ကောင်းခါးကျေးရွာ ဒေသခံ ၃၇ ဦးနှင့် တပ်မတော် စစ်သား ၁၅ ဦးခန့်တို့အား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ပန်ဆိုင်းကြူကုတ် ရဲစခန်းမှူး ဦးဇော်မင်းထွန်းက ပြောသည်။
“အမှားအယွင်းမရှိအောင် အသေးစိတ်စစ်ဆေးနေပါတယ်။ ဆေးစစ်ချက်တော ့မထုတ်ပြန်သေးပါဘူး။ ကျွန်တော်တို့ အမှု စစ်အဖွဲ့နဲ့ မြို့နယ်မှူး၊ ခရိုင်မှူးတွေ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ စစ်ဆေးနေပါတယ်။ ရွာသားတွေကို စစ်ဆေးနေတယ်။ တပ်မတော် တပ်ဖွဲ့ဝင်တွေ၊ ရွာသားတွေကို အမှုနဲ့ပတ်သက် တာတွေ မေးမြန်းတာပါ”ဟု သူက မဇ္စျိမကို ပြောသည်။
အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍ ပန်ဆိုင်းကြူကုတ် ရဲစခန်းတွင် ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်ဟု သူက ဆိုသည်။
လက်ရှိ ကောင်းခါးကျေးရွာအတွင်း အစိုးရ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်နေပြီး မူလက အစိုးရ၏ ခမရ ၅၀၃ တပ်ရင်း အင်အား ၁၀၀ ခန့်ရှိရာမှ ဇန်နဝါရီလ ၂၁ ရက်တွင် အင်အား ၆၀ ခန့်ထပ်မံ ဖြည့်တင်းလာမှုများ ရှိနေသည်ဟု သူက ပြောသည်။
ကျောင်းဆရာမများသည် အဓမ္မပြု၍ သတ်ဖြတ်ခံခဲ့ရမှုကို မိမိအသင်းတော်များ အပါအဝင် ကချင်တစ်မျိုးသားလုံး စုပေါင်း ဝမ်းနည်းကြေကွဲခဲ့ရပြီး အားလုံး ဆုတောင်းခြင်း သို့မဟုတ် သီးသန့် ဆုတောင်းဝတ်ပြုခြင်း များ ပြုလုပ်ကြရန် KBC က ဇန်နဝါရီလ ၂၁ ရက်က ကချင်ဘာသာဖြင့် ကြေငြာချက် ထုတ်ပြန်၍ တိုက်တွန်းထားသည်။
ဇန်နဝါရီ ၂၂ရက် နံနက်ကလည်း ကချင်ဆရာမနှစ်ဦး သေဆုံးမှုကို မန္တလေးမြို့တွင် ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။ ယင်း ဆရာမနှစ်ဦး၏ အလောင်းကို ဇန်နဝါရီ ၂၂ရက်တွင် မြစ်ကြီးနားမြို့သို့ ပြန်လည်သယ်ဆောင်ကာ သင်္ဂြိုလ်မည်လည်းဖြစ်သည်။
KBC သည် ၁၉၉၅ ခုနှစ်မှစတင်၍ ပညာရေး အစီအစဉ်ဖြင့် ကျေးလက် နယ်စွန်နယ်ဖျားထိ စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမကို ပို့ဆောင်ခဲ့ခြင်းမှာ ယခုနှစ်ဆိုလျှင် နှစ်ပေါင်း ၂၀ နှစ် ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စေတနာ့ ဝန်ထမ်းများသည် တစ်လလျှင် ကျပ် ၅ သောင်းဖြင့် စေတနာ့ဝန်ထမ်း လုပ်ဆောင်နေခြင်း ဖြစ် သည်ဟု ထည့်သွင်း ဖော်ပြထားသည်။
ဇန်နဝါရီလ ၁၉ ရက် ညသန်းခေါင်းယံချိန်တွင် ကောင်းခါး ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်း ရှိ နေအိမ်တွင် အသက် ၂၀ နှစ်အရွယ် မရန်လုရာနှင့် အသက် ၂၁ နှစ်အရွယ် တန်ဘောင်ခေါန်နန်စင်တို့ အဓမ္မပြုကျင့်ခံရ၍ သေဆုံးနေသည်ကို ဇန်နဝါရီလ ၂၀ ရက် နံနက် ၉ နာရီချိန်တွင် သိရှိခဲ့ခြင်း ဖြစ်သည်။